နေပြည်တော် ဇန်နဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) ဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပိုမိုထိရောက်စေရန်ရည်ရွယ်၍ လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား အလုပ်ဌာနများ အရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ရုံးအမှတ်(၅၁)၊ အလုပ်သမားဝန်ကြီးဌာနသို့ သွားရောက်၍ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ အနေဖြင့် (၇၅) ဦးကို လိုအပ်သော ဆေးဝါးကုသမှုများ၊ (၇၈) ဦးကို ဓာတ်ခွဲစစ်ဆေးမှုများ၊ (၅၃) ဦးကို နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့သည်။
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီး(၃)ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၉၆)ခန်း၊ ဌာနကြီးဆေးခန်း(၆၁) ခန်း၊ စာချုပ်ဆေးခန်း(၇၀)ခန်းနှင့် မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုဆေးခန်း(၁၆)ခန်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအား ဆောင်ရွက်ပေးသည့်အပြင် ပိုမိုထိရောက်လွယ်ကူစေရန်အတွက် ရွေ့လျားဆေး ကုသရေးယာဉ်(MMU)(၃)စီးဖြင့် အခါအားလျော်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအတွင်းရှိ အကျုံးဝင်ဌာနများသို့လည်း လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆက်လက်ဆေးကုသမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။