အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်း၊ အမှတ်(၁၃)ရှိ Mr. Lee Chun Fai (တရုတ်နိုင်ငံသား) ပိုင် Myanmar Jiale Fashion အထည်ချုပ်စက်ရုံရှိ အလုပ်သမားများအား (၅/၂၀၂၁)လတွင် အလုပ်သမားများ၏ လစာ ၁၅ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့ပြီး (၄/၂၀၂၃)လတွင် ပြန်လည်တွက်ချက်ပေးရာတွင် အလုပ်ထွက်သွားသည့်အလုပ်သမားများအတွက် ပြန်လည်ပေးချေခြင်းမရှိကြောင်း၊ စုစုပေါင်း လ(၂၀)စာ ဖြတ်တောက်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဖြတ်တောက်ထားသည့် အခကြေး‌‌ ငွေကို စက်ရုံရှိဝန်ထမ်းများအား back date ဖြင့် ပြန်လည်တွက်ချက်ပေးပြီး အလုပ်ထွက် သွားသည့် အလုပ်သမားများကို ပေးချေခြင်းမရှိကြောင်း သိရှိရပါသည်။

          အဆိုပါအလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ ၁၄-၆-၂၀၂၃ ရက်နေ့တွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တို့ပါဝင်သည့် ဝန်ကြီးဌာနအောက်ရှိ မြို့နယ်ပေါင်းစပ်အဖွဲ့မှ တာဝန်ခံအရာရှိများသည် စက်ရုံသို့သွားရောက်၍ General Manager ၊ မန်နေဂျာ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ အလုပ်သမား ကိုယ်စားလှယ် (၂၅)ဦးတို့အား တွေ့ဆုံ၍ စစ်ဆေးမေးမြန်းချက်များအရ အောက်ပါတို့ကို သိရှိရပါသည်-

(က)  စက်ရုံ၏ သာမန်အလုပ်ချိန်မှာ (၀၈:၀၀)နာရီမှ (၁၆:၃၀) နာရီအထိဖြစ်ပြီး ထမင်းစား နားချိန်အဖြစ် (၁၂:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ အနားရရှိကြောင်း၊

(ခ)     အချိန်ပိုလုပ်ကိုင်ခွင့်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန သို့ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုထားသည့် အချိန်ပိုနာရီအတိုင်း (၁၇:၀၀)နာရီမှ (၁၉:၀၀)နာရီထိ လုပ်ကိုင်ပါကြောင်း၊ အချိန်ပိုလုပ်ခအဖြစ် (၁)နာရီလျှင် ကျပ် ၁၂၀၀ ပေးချေထားကြောင်း၊

(ဂ)    ယခင် (၅/၂၀၂၁)လမှ (၁၂/၂၀၂၂)လအထိ လျှော့ချခဲ့သော အထည်ကြေး ၁၅ % ကို စက်ရုံတွင် ဆက်လက်လုပ်ကိုင်နေသည့် အလုပ်သမား(၁၀၄၆)ဦး၏ အထည် ကြေး ၁၅ % စုစုပေါင်း ငွေကျပ် ၄၄၆,၁၅၁,၂၆၁ အား စက်ရုံဘက်မှ ၇-၄-၂၀၂၃ ရက်နေ့တွင် ပြန်လည်ပေးချေထားပြီး ဖြစ်ပါကြောင်း၊ နုတ်ထွက်သွားသည့် ဝန်ထမ်းများကိုလည်း ၂၀-၆-၂၀၂၃ ရက်နေ့မှစ၍ ပြန်လည်ပေးချေသွားမည်ကို  ၁၂-၆-၂၀၂၃ ရက်နေ့တွင် ဝန်ထမ်းများသိစေရန် အသိပေးကြေညာထားပြီး ဖြစ်ကြောင်း၊

(ဃ)   အထည်ကြေး ၁၅% နှုန်းဖြတ်တောက်ရခြင်းမှာ အလုပ်သမားများအား အထည် အော်ဒါရရှိမှုအပေါ် မူတည်၍ ပေးသည့်အပိုကြေးဖြစ်ရာ အထည်အော်ဒါရရှိမှု နည်းပါးသည့်အခါ ဖြတ်တောက်ခြင်းဖြစ်ကြောင်း။

Myanmar Jiale Fashion အထည်ချုပ်စက်ရုံနှင့်ပတ်သက်သည့် သတင်းဖော်ပြထားမှု များအပေါ် အလုပ်ရှင်နှင့်အလုပ်သမားတို့အား စစ်ဆေးမေးမြန်းမှုများအရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါသည်။

အလုပ်သမားဝန်ကြီးဌာန