အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်သည့် ဆွေးနွေးပွဲ အား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမ၌ ၃-၃-၂၀၂၃ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာ ဝန်ကြီး ဦးမောင်မောင်သန်း၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီး ဌာနတို့မှ စည်းကြပ်သော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ အတွင်းရေးမှူးများအပါအဝင် အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ WCC အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၁၃၈)ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဧရာဝတီတိုင်းဒေသကြီးတွင် စက်ရုံ၊ အလုပ်ရုံအရေအတွက် (၉၀၀၀)ကျော်ရှိပြီး အလုပ်သမားအင်အား (၆၂၀၀၀)ကျော် လုပ်ကိုင်လျက် ရှိသည့်အတွက် အလုပ်သမားရေးရာကိစ္စရပ်များ၊ ဖြေရှင်းရမည့်ပြဿနာများလည်း များပြားနိုင် ကြောင်း၊ ထို့ပြင် CMP နှင့် CMP တစ်ဆင့်ခံ လုပ်ငန်း (၁၉)ခုရှိရာ အဆိုပါလုပ်ငန်းများသည်  အလုပ်သမားဦးရေ အရေအတွက် အများဆုံးလုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ဆောင်ရွက်ပေးလျက်ရှိသော Labour Intensive Industry လုပ်ငန်း တစ်ခုလည်းဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာသူများတွင် ပုသိမ်မြို့နှင့် ကန်ကြီး ထောင့်မြို့နယ်တို့မှ အထည်ချုပ်လုပ်ငန်းများရှိ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင် များလည်း ပါဝင်သည်ကို တွေ့ရသည့်အတွက် များစွာကျေနပ်အားရပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ စက်ရုံအတွင်း ဖွဲ့စည်း ထားသော လုပ်ငန်း ညှိနှိုင်းရေးကော်မတီ၊ မြို့နယ်အဆင့်ဖွဲ့စည်းထားသော ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ တိုင်းဒေသကြီး အဆင့်ဖွဲ့စည်းထားသော ခုံသမာဓိအဖွဲ့နှင့် ယင်းဥပဒေအရ အမြင့်ဆုံး အဖွဲ့ အစည်းဖြစ်သည့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ဖြေရှင်း‌ဆောင်ရွက်ရသည့်အတွက် ယခု ကျင်းပပြုလုပ်သည့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး ဆွေးနွေးပွဲတွင် ခုံသမာဓိကောင်စီဝင် လူကြီးမင်းများက အငြင်းပွားမှုများ ကြားနာစစ်ဆေး ဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှု များ၊ အားသာချက်၊ အားနည်းချက်များအား ရှင်းလင်းဆွေးနွေးပို့ချခြင်းဖြင့် အငြင်းပွားမှုကို ဖြေရှင်း ပေးရာတွင် အဓိက ကျသည့် အဖွဲ့အစည်းများဖြစ်သည့် လုပ်ငန်းညှိနှိုင်းရေးကော်မတီနှင့် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင် များ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်လာမည်ဖြစ်၍ အငြင်းပွားမှုများကို အောက်ခြေအဆင့်တွင် ပြေလည်အောင် ဖြေရှင်းနိုင်မည်ဖြစ်ခြင်းကြောင့် လုပ်ငန်းခွင် အေးချမ်း သာယာပြီး အငြင်းပွားမှုများ လျော့နည်းလာနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အလုပ်သမား ရေးရာအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ရသည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေအား ရှင်းရှင်းလင်းလင်း သိရှိခြင်းဖြင့် အငြင်းပွားမှုများကို ပိုမိုလွယ်ကူ လျင်မြန်စွာ ဖြေရှင်းနိုင်မည့် အကျိုးကျေးဇူးများလည်း ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခများ လျော့နည်းသွားခြင်းဖြင့်  လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးတက် မြန်ဆန်လာနိုင်ခြင်း၊ အလုပ်ရှင်၏ အကျိုးစီးပွားနှင့် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာခြင်း၊ အလုပ် သမားများ၏ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ခြင်း၊ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ရမှုများ နည်းပါးလာပြီး မိမိဒေသတွင် အေးချမ်းစွာ အလုပ်လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိခံစားရမည်ဖြစ်ခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၏ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းမှ အားဖြည့်ရာရောက်သကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် အလုပ်သမားရေးရာ ကိစ္စများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဆက်နွှယ်ပတ်သက်ကြသည့် Stakeholder များအားလုံးကို ဖိတ်ခေါ်၍ ယခုကဲ့သို့ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်းကို တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားရာတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပွဲ ကျင်းပရခြင်းမှာ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်မှုမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြချက်များအရ ဆွေးနွေးမှုရလဒ်များမှ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို တရားမျှတစွာ ဖြေရှင်းဆောင်ရွက်နိုင်စေရန်၊ အငြင်းပွားမှု ဖြေရှင်းရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များနှင့် စိန်ခေါ်မှုအခက်အခဲများကို လေ့လာသိရှိနိုင် စေရန်၊ ဆွေးနွေးညှိနှိုင်းမှုအဆင့်ဖြစ်သော WCC အဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များ သိရှိနိုင်စေရန်၊ အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်မြန်ဆန် လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များအနေဖြင့် ဆွေးနွေးပွဲမှတစ်ဆင့် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများတွင် ပါရှိသည့် ပြဋ္ဌာန်းချက် များကို သိရှိနားလည်ပြီး ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ဖျန်ဖြေရမည့် အငြင်းပွားမှုနှင့် ဖျန်ဖြေခြင်းမပြုရသည့် အငြင်းပွားမှု ကွဲပြားစွာ သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများ လက်ခံရာတွင် အခွင့်အရေး ဆိုင်ရာနှင့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများကို တိကျစွာ ခွဲခြားတင်ပြရန် လိုအပ်ပါကြောင်း၊ တိုင်ကြားလာသော အငြင်းပွားမှုများကို သေချာစွာ စိစစ်ပြီး အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများ ကိုသာ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ရန် လိုအပ်ပါကြောင်း၊ WCC သည် အငြင်းပွားမှု ဖြေရှင်း ရေးအဆင့်တွင် အခြေခံကျပြီး အဓိကအခန်းကဏ္ဍတွင် ပါဝင်သောကြောင့် ဥပဒေပါ သတ်မှတ် ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်အလုပ်သမားဦးရေ ပြည့်မီသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများတွင် WCC ဖွဲ့စည်း၍ WCC တွင် ကနဦး ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ အငြင်းပွားသူ နှစ်ဦးနှစ်ဖက်အနေဖြင့် အချိန်ကုန်၊ လူပင်ပန်းမှုမရှိဘဲ အချိန်တိုအတွင်း ပြေလည်မှုရရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေသည့်အဆင့်တွင် ပြေလည်မှုရရှိအောင် ဖြေရှင်းနိုင်ရန် လိုအပ်ပါ ကြောင်း၊ WCC အဖွဲ့များနှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များအနေဖြင့် ဆွေးနွေးပွဲတက်ရောက်ခြင်းဖြင့် ညှိနှိုင်းဖျန်ဖြေရာတွင် ကျင့်သုံးဆောင်ရွက်ရမည့် အချက်များ၊ ဖျန်ဖြေရေးနည်းလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး အငြင်းပွားမှုများကိုလည်း မြန်ဆန်စွာ ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှု များကို နှစ်ဖက်မျှတစွာ ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများက ယုံကြည် အားကိုးရသည့် အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း၊ အငြင်းပွားမှုများကို သုံးပွင့်ဆိုင် ယန္တရားဖြင့် ဖြေရှင်းဆောင်ရွက်ရခြင်းကြောင့် အဖွဲ့ဝင်များအားလုံးက ဥပဒေကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အတွေ့အကြုံရှိသည့် ခုံသမာဓိကောင်စီဝင်များက ဆွေးနွေးပို့ချမည့် သင်ခန်းစာများအပေါ် သိလိုသည်များရှိပါက တစ်ပါတည်း ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ခုံသမာဓိကောင်စီဝင်၊ ဝန်ကြီးဌာနကိုယ်စားလှယ် ဒေါ်စန်းစန်းက အလုပ်သမား ဝန်ကြီးဌာနမှ စည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေအား ရှင်းလင်းဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီမှ အမှုများ ကြားနာစစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်း ချက်များ ရှင်းလင်းဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီဝင်၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးသန်းမောင်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများမှ လိုက်နာရမည့် အချက်များ အား ရှင်းလင်းဆွေးနွေးခြင်း၊ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေအား အခြားဥပဒေ များနှင့် နှိုင်းယှဉ်ခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းနှင့် ခုံသမာဓိကောင်စီဝင်၊ အလုပ်သမားကိုယ်စားလှယ် ဦးသိန်းကြွယ်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေအား ရှင်းလင်း ဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီမှ စစ်ဆေးဆုံးဖြတ်ခဲ့သည့် အမှုများအား လေ့လာဆန်းစစ်ခြင်း တို့ကို Power Point များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၅:၂၀)နာရီအချိန် တွင် ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။