အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                     ဇူလိုင် ၂၈

          လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေး ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန်(၁)ခန်းမတွင် ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ ရွှေပြည်သာစက်မှုဇုန် (၁/၂/၃/၄)မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းအသစ်များ အလျင်အမြန် ဖြစ်ထွန်းပေါ်ပေါက်နေ သည်နှင့်အမျှ အလုပ်သမားရေးရာ အငြင်းပွားမှုအချို့ ပေါ်ပေါက်နေသည်ကို တွေ့ရှိရပြီး ဖြစ်ပွား ရသည့် အကြောင်းအရင်းများစွာအနက် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် စနစ်တကျ စီမံအုပ်ချုပ်မှု လျော့နည်းခြင်းနှင့် အလုပ်သမားရေးရာ ဥပဒေများအပေါ် သိရှိနားလည် လိုက်နာ ကျင့်သုံးမှု အားနည်းချက်များကြောင့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲများကို အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန(၄)ခု၏ ညွှန်ကြားရေးမှူးချုပ်များက အလှည့်ကျ ဦးစီးပြီး သက်ဆိုင်ရာဌာနများ၏ ဘာသာရပ်ဆိုင်ရာတာဝန်ခံများဖြင့် အလုပ်သမားရေးရာသိကောင်းစရာ များကို အသိပညာပေးဆွေးနွေးလျက်ရှိကြောင်း၊

အလုပ်သမားရေးရာအငြင်းပွားမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင် များတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး လက်တွေ့ ဆန်သည့် အဖြေရှာမှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်ရှင်၊ အလုပ်သမားများ၏ လက်ရှိကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ သည့်အတွက် အလုပ်ရှင်ဘက်မှလည်း စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးကို လိုအပ်သလိုဖော်ဆောင် ပေးနိုင်သကဲ့သို့ လိုအပ်ချက်များကို အပြန်အလှန် ညှိနှိုင်းသုံးသပ်ကာ ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနနှင့် အဖွဲ့ရုံးများမှ စည်းကြပ်ဥပဒေများနှင့်အညီ ထိရောက်သည့် ဖြေရှင်းဆောင်ရွက်မှု များကို လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊

          အလုပ်ရှင်၊ အလုပ်သမားတိုင်း ဥပဒေပါပြဋ္ဌာန်းချက်များကို သိရှိနားလည် သဘောပေါက်စေရန် လစဉ်စီမံချက်ရေးဆွဲ၍ နည်းလမ်းအမျိုးမျိုးဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများသို့ စစ်ဆေးရေးအရာရှိများ သွားရောက်စစ်ဆေးကာ ဥပဒေနှင့်ညီညွတ်မှုမရှိသည့်ကိစ္စများကို ပြုပြင်ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များအား ညွှန်ကြားမှုများပြုလုပ်၍ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သည့် လုပ်ပိုင်ရှင်များအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး အလုပ်သမား များ၏ ဥပဒေပါရပိုင်ခွင့်များရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊

          ထို့အပြင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရေးအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေများအား တိုင်းတာအကဲဖြတ်ခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင် ရာကိစ္စရပ်များကို အလုပ်ရှင်နှင့်အလုပ်သမားများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို တိုးချဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊  လုပ်ငန်းခွင်ထိခိုက် မှုများ ဖြစ်ပွားပါက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ (၅၃) အရ အလုပ်ရုံမန်နေဂျာ အနေဖြင့် ဦးစီးဌာနသို့ အကြောင်းကြား ဆောင်ရွက်ရမည်ဖြစ်ပြီး စစ်ဆေးရေးအရာရှိများအနေ ဖြင့် သွားရောက်စစ်ဆေးပြီး နောင်အလားတူ လုပ်ငန်းခွင်ထိခိုက်မှုများ ထပ်မံမဖြစ်ပွားစေရေး အတွက် ညွှန်ကြားချက်နှင့် အကြံပြုချက်များကို ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်ထိခိုက်မှုများကို တားဆီးကာကွယ်နိုင်မည် ဖြစ်ကြောင်း၊  

လုပ်ငန်းခွင်ပတ်ဝန်းကျင် အခြေအနေ တိုးတက်ကောင်းမွန်စေရန်အတွက် စက်ရုံ၊ အလုပ် ရုံများတွင် ဆူညံသံနှင့် အလင်း ရောင် တိုင်းတာအကဲဖြတ်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာတွင် ယခင်က ရန်ကုန်တိုင်းဒေသကြီး၌သာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ စက်ရုံ၊ အလုပ်ရုံ များတွင် တိုင်းတာ အကဲဖြတ်မှုများ ဆောင်ရွက်နိုင်ခဲ့၍ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ (၁၁၇၈)ကြိမ် တိုင်းတာနိုင်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း တိုင်းတာရေး ကိရိယာများကို ထပ်မံဝယ်ယူ၍ အခြားသောတိုင်းဒေသကြီး၊ ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံ များတွင်ပါ တိုင်းတာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ လမှ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ အလုပ်သမား(၅၀)ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ (၁၅၄၁) ဖွဲ့  ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊

လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှ ကုန်ထုတ်စွမ်းအား တိုးတက်မည်ဖြစ်သဖြင့် ကောင်းမွန်သည့်  လုပ်ငန်းခွင်ဆက်ဆံရေးတစ်ခု ထူထောင်ရန် အလုပ်ရှင်၊ အလုပ်သမားအကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှု မရှိမဖြစ်လိုအပ်ပြီး တည်ဆဲအလုပ်သမားဥပဒေကို လေးစား လိုက်နာမှသာ ရေရှည်ခိုင်မာပြီး တည်ငြိမ်ကောင်းမွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်မည်ဖြစ်ရာ အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့တို့မှ တာဝန်ခံများက အလုပ်သမားရေးရာသိမှတ်ဖွယ်များကို တစ်နေရာတည်းတွင် (One Stop Education Service)ပုံစံဖြင့် လာရောက်ဆွေးနွေးပေးနေသောကြောင့် အလုပ်ရှင်နှင့် အလုပ် သမားများအတွက် ကောင်းမွန်သည့် အခွင့်အလမ်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာစက်မှုဇုန်နှင့် အင်းစိန်စက်မှုဇုန်ရှိ စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် အေးချမ်းသာယာမှု ရရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လုပ်ငန်းများဖြစ်ပေါ်လာစေရေး အလုပ်ရှင် နှင့်အလုပ်သမား ညှိနှိုင်းဆောင်ရွက်ကြရန်၊ ဥပဒေပါပြဋ္ဌာန်းချက်များအား အလေးထားလိုက်နာ ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။