အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ Dishang Group အထည်ချုပ်စက်ရုံ နှင့် Delicious Food Co.,Ltd (One Tea) နို့ဆီစက်ရုံသို့ သွား ရောက်ပြီး လုပ်ငန်းခွင်အတွင်း စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် အလေးထားလိုက်နာဆောင်ရွက်၍ အရည် အသွေးမြှင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ် ရန် ကြည့်ရှုအားပေးခဲ့သည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများနှင့် အလုပ် သမားကိုယ်စားလှယ်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဝင်များက လုပ်ငန်းခွင် တည်ငြိမ်အေးချမ်း ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အလုပ်သမား ရေးရာ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံအတွင်း အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ဝင်များ ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးမှုများ နှင့်အညီ လိုက်နာဆောင်ရွက်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် လိုက်နာဆောင်ရွက်မှု၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်မှု များကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရန် အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေး ကောင်းမွန်မှုသည် အဓိကကျပြီး အရည်အသွေးမီ ထုတ်ကုန် များ အချိန်မီထုတ်လုပ်နိုင်ရေး ကျွမ်းကျင်လုပ်သား များ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန် လို ကြောင်း၊ ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်နှင့် မန်နေဂျာ များနှင့် ကြီးကြပ် ရေးမှူးများအနေဖြင့် သင့်တင့်မျှတသော လုပ်ငန်းခွင်ဆက်ဆံရေး တည်ဆောက်ပြီး လုပ်ဖော်ကိုင်ဖက် အလုပ်သမားများကို လုပ်ငန်း ခွင် စည်းကမ်းများကို အလေးထား လေးစားလိုက်နာ ဆောင်ရွက်ရေး၊ စက်ရုံအတွင်းရှိ သတ်မှတ်အဆင့်မီသူများကို ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ရယူနိုင်ရေး အားပေးဆောင်ရွက်ရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါရရှိခံစားမှု လျော့နည်းကျဆင်း စေရေး ဦးစီးဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြုချက်များကို ကောင်းစွာသိရှိလိုက်နာ ဆောင် ရွက်ရန်၊ အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) နှင့် အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်ရှင်များနှင့် စဉ်ဆက် မပြတ် ထိတွေ့ပြီး မျှတသည့် အလုပ် သမားရေးရာဆက်ဆံမှု တည်ဆောက်ရမည်ဖြစ်ကြောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်မှုဖြင့် ကောင်းမွန်သည့် အနာဂတ်ကို ထူထောင်ရန်လိုကြောင်း ဆွေးနွေးမှာကြားပြီး အလုပ်သမား ကိုယ်စားလှယ်များ တင်ပြချက် များအပေါ် ဦးစီးဌာနတာဝန်ခံများ၊ စက်ရုံ၊ အလုပ်ရုံ တာဝန်ခံများနှင့် ညှိနှိုင်းဆောင်ရွက်ပေး၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။