အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                ဩဂုတ် ၅

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာ ဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်း မိသားစုများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိပါသည်။

          ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယနေ့တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် ကိုယ်တိုင် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင် ထုပ်ပိုးနေမှုများကို ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့ လိုက်လံ ကြည့်ရှုအားပေးသည်။

          အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စည်သွပ်ဗူး(ငါးကြင်းပဲငပိပေါင်း၊ ငါးဆုပ်ဟင်း၊ ဆိတ်သားဟင်း) ၁၂၀၀ ၊ ဆာဒင်းငါးသေတ္တာဗူး ၄၀၀ ၊ ငါးရံ့/ကြက်သားဆန်ပြုတ်ထုပ် ၈၀၀ ၊ ရှူးရှဲလက်ဖက်ထုပ် ၈၀၀ ၊ ကိုယ်တိုက်ဆပ်ပြာတုံး ၄၀၀ ၊ ဂွေးသီးငပိချက်ထုပ် ၄၀၀ ၊ ငါးပိရည်ထုပ် ၄၀၈ ၊ ပုဇွန်ငါးပိထောင်ဗူး ၄၀၀ ၊ အာပြဲခြောက်ကြော်ထုပ် ၄၀၀ ၊ ပုန်းရည်ကြီးထုပ် ၄၀၀ ၊ ချိုချဉ်ထုပ် ၄၀၀ ၊ ပွတ်ချွန်း ပိဿာ ၃၀ ၊ သွားတိုက်ဆေး/သွားတိုက်တံ ၄၀၀ စုံ၊ တစ်ခါသုံးမုတ်ဆိတ်ရိတ်ဓား ၁၆၀၀ ချောင်း၊ ကြယ်နီဆေးလိပ် ၈၀၀၀ နှင့် ဝန်ထမ်းမိသားစုများ ကိုယ်တိုင်ချက်ပြုတ် ကြော်လှော်ထားသည့် ဘာလချောင်ကြော် ပိဿာ ၄၀ စုစုပေါင်းငွေကျပ် သိန်း ၁၃၀ ခန့် တန်ဖိုးရှိပစ္စည်းများကို ပေးပို့လှူဒါန်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

          နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားကာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “နိုင်ငံတော်နှင့် နိုင်ငံသားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို အသက်ပေးကာကွယ် စောင့် ရှောက်နေကြတဲ့ ရှေ့တန်းရောက်တပ်မတော်သားများအားလုံး ကျန်းမာပါစေ ဘေးအန္တရာယ် ကင်းဝေးပါစေ တရားသောစစ်ဆင်နွှဲနေတဲ့ တပ်မတော်သားများအားလုံး အိမ်ပြန်လာမည့်နေ့ကို မိသားစုတွေနှင့်အတူ အောင်သပြေပန်းနှင့် ကြိုဆိုနေပါ့မယ်” အစရှိသည့် ဆုတောင်းမေတ္တာ စာလွှာများကို ထည့်သွင်းပေးပို့ကြသည်။

          အဆိုပါ စားသောက်ဖွယ်ရာများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ မော်တော် ယာဉ်များဖြင့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ် အရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။