စက်တင်ဘာ ၁၂
နေပြည်တော်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski အား ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများတက်ရောက်၍ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ အစည်း (International Organization for Migration- IOM) မှ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက IOM မြန်မာ၏ Chief of Mission များအဖြစ် Mr. Kieran Gorman –Best က ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ၊ Mr. Akio Nakayama က ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၄) နှစ် သက်တမ်းစီ တာဝန်ထမ်းဆောင်ခဲ့ ကြောင်း၊၂၀၂၂ခုနှစ်တွင် IOM မြန်မာ၏ Chief of Mission ရာထူး ခန့်အပ်ခြင်း ခံရသည့် Mr. Dragan Aleksoski အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ Mr. Dragan Aleksoski အနေဖြင့် ဩစတြေးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် IOM ဒေသဆိုင်ရာရုံးတွင် အရှေ့ဥရောပ၊ အရှေ့တောင်ဥရောပနှင့် အာရှအလယ်ပိုင်း တို့အတွက် အရေးပေါ်နှင့် ပဋိပက္ခအလွန်ကာလ ဒေသဆိုင်ရာအကြီးတန်း ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၁၉၉၉ ခုနှစ် မှစ၍ IOM တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ခြင်းကြောင့် ရွှေ့ပြောင်း သွားလာခြင်းဆိုင်ရာ ကိစ္စရပ်များ၊ IOM ၏ လုပ်ငန်းဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိသူဖြစ်၍ မြန်မာနိုင်ငံအတွက် များစွာအထောက်အပံ့ ဖြစ်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည် ။
ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းသွားလာခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား (၅) နှစ်တာ လုပ်ငန်း စီမံချက် (၂၀၁၃-၂၀၁၇)ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၁၈-၂၀၂၂) ငါးနှစ်စီမံချက်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ကိုဗစ် ၁၉ ကပ်ရောဂါ ကြောင့်ဆောင်ရွက်ဆဲ လုပ်ငန်းအစီအစဉ်များဆိုင်းငံ့ခဲ့ရ၍ ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ရန်ကျန်လုပ်ငန်းများ၊ ရွှေ့ပြောင်းသွားလာမှုများပြားသည့် ဒေသများတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်၍ စွန့်ဦးတီထွင် လုပ်ငန်းများအတွက် လိုအပ်သည့် ကျွမ်းကျင်မှုနှင့် အသိပညာများ ဖြန့်ဖြူးပေးနိုင်ရေး အသိပညာပေး အစီအစဉ်များကို အလုပ်သမားဝန်ကြီးဌာနနှင့် IOMရုံးတို့ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ပါသည်။