အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                     ဧပြီ ၁

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM)၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အလုပ်သမားများကို အကာအကွယ် ပေးရန်နှင့် လုံခြုံစိတ်ချရပြီး စနစ်တကျ ပုံမှန်ရွှေ့ပြောင်းသွားလာခြင်းကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက် ဝန်ဆောင်မှုများပေးခြင်း၊  အလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုများ အတွက် အကျိုးစီးပွားမြှင့်တင်ကာကွယ်ပေးရန် ဝန်ဆောင်မှုများထောက်ပံ့ပေးခြင်း တို့ကို IOM မှ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်မှုများအပေါ် အသိအမှတ်ပြုပါကြောင်း၊

ဂုဏ်သိက္ခာရှိသော နိုင်ငံတကာလုပ်သားစုဆောင်းသည့်စနစ် (International Recruitment Integrity System – IRIS) နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကို (၁၇) ကြိမ်တိုင် ကျင်းပ နိုင်ခဲ့ပြီး တက်ရောက်ခဲ့သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ  ၅၂၂ ခု ကို အသိပညာပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက်ပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။