အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်၍ ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission ဖြစ်သူ Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းသို့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီးနောက် IOM နှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ကို ၂၀၁၅ ခုနှစ်တွင် ကနဦး (၃)နှစ်သက်တမ်းဖြင့် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ တွင် သက်တမ်းတိုး လက်မှတ်ရေးထိုးခဲ့သည့်  MoU သည် ၂၀၂၁ တွင် သက်တမ်းကုန်ခဲ့သဖြင့် MoU အသစ် လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီးဌာန နှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ ဝန်ကြီးဌာနနှင့် IOM တို့ ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့်ရှောက် ပေးနိုင်ရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။