အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                      ဧပြီ ၅

        ပြည်ပတွင်အလုပ်လုပ်ကိုင်မှုဆိုင်ရာကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အတွင်းရေးမှူး အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကိုယ်တိုင်တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့က Online မှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificates of Identity – CI) ထုတ်ပေးရေး စခန်း ၅ ခုနှင့် Mobile Unit (၃) ခုကို ၂၃-၂-၂၀၂၄ ရက်နေ့မှစ၍ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရာ ၄-၄-၂၀၂၄ ရက်နေ့ထိ ၁၆၀,၉၀၃ ဦး ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ CI စခန်းများတွင် ဝင်ငွေခွန် ကောက်ခံခြင်းလုပ်ငန်းစဉ်နှင့် e-ID အချက်အလက်ကောက်ယူသည့် လုပ်ငန်းစဉ်များကိုပါ တွဲဖက်ဆောင်ရွက်ပေးလက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား များကို CI ထုတ်ပေးခြင်းအားဖြင့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နယ်ကျော် သွားလာခွင့်၊ ရွှေ့ပြောင်းအလုပ်သမားများ၏ သတ်မှတ်ထားသောလုပ်ခလစာ၊ ဥပဒေပါအကျိုး ခံစားခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်၊ ထိုင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ်ခွင့်ရရှိ၍ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှတစ်ဆင့် မိသားစုလွှဲပို့ငွေများ ပြန်လည်လွှဲပြောင်းရေး ဆောင်ရွက်နိုင်ခွင့်၊ ထိုင်းနိုင်ငံအတွင်း ခရီးသွားလာခွင့်နှင့် လေယာဉ်စီးနင်းခွင့်၊ မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်ခွင့်အစရှိသည့် အကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်း ၄ နှစ်ပြည့်မြောက် ပြီးသည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် နေ့ချင်းပြီး ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်း၊ OWIC ရိုက်နှိပ်ခြင်းများကို One Stop Service ဖြင့် ဆောင်ရွက်ပေးသည့် MoU U-turn စခန်းများကို ၁၁-၉-၂၀၂၃ ရက်နေ့တွင် မြဝတီမြို့နှင့် ကော့သောင်းမြို့များ၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခလစာ၏ အနည်းဆုံး ၂၅ % ကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့် ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ ၏ ၂၅% သို့မဟုတ် အများဆုံး ၃ လ လျှင် တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ လွှဲပြောင်း ပေးပို့ရန် ကြီးကြပ်အသိပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုး ဆောင်လိုင်စင်ရအေဂျင်စီများမှ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အလုပ်ခေါ်စာတင်ပြခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခွင့် တင်ပြခြင်းနှင့် စေလွှတ်ခွင့် တင်ပြခြင်းများကို ၁-၁-၂၀၂၄ ရက်နေ့မှ စတင်၍ Online စနစ်ဖြင့် စတင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)တွင် မြန်မာအမျိုးသမီးများကို ဝင်ရောက် ဖြေဆိုစေလျက် EPS စနစ်ဖြင့် စေလွှတ်မည့် ဝန်ဆောင်မှုလုပ်ငန်းများသို့ သွားရောက်လုပ်ကိုင် နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နိုင်ငံတော် အစိုးရနေဖြင့် နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ် သည့် အလုပ်သမားများ၏ အခန်းကဏ္ဍကို စနစ်တကျအကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက် ပေးနေမှုအခြေနေများ၊ ပြည်ပအလုပ်အကိုင်ရှာဖွေသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း များရရှိစေပြီး ပြည်ပသို့ တရားဝင်သွားရောက် လုပ်ကိုင်နိုင်စေရေးနှင့် ရပိုင်ခွင့်နှင့် အခွင့်အရေး များ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖော်ဆောင် ပေးနေမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို အသေးစိတ်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ တွဲဘက်အတွင်း အရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားများစေလွှတ်နိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်နှင့် အလုပ်သမားများအတွက် ထိုင်းနိုင်ငံက ထုတ်ပေးထားသည့် ပန်းရောင်ကတ်မှ CI ပြောင်းလဲထုတ်ပေးဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ CI စခန်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းစဉ်များ၊ MOU U-turn Update အခြေ အနေများ၊ လေကြောင်းလိုင်းမှ တစ်ဆင့် MOU စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေးကိစ္စရပ်များ၊ MOU လုပ်ငန်းစဉ်များ၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ရေးဆွဲဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင် ဘဏ်စနစ်များ မှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေးအတွက် နိုင်ငံအားလုံး ခြုံမိသည့် ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီနှင့် အလုပ်သမားအကြား ချုပ်ဆိုမည့် စာချုပ် (မူကြမ်း) ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီ ဝင်များ၊ Online မှ တက်ရောက်ကြသည့် အလုပ်သမားသံအရာရှိရုံးမှ အလုပ်သမားသံမှူးတို့၏ ရှင်းလင်းဆွေးနွေးမှုများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။