အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့                                                                                နိုဝင်ဘာလ ၁၄

          အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့်  စာချုပ် ချုပ်ဆိုဆောင်ရွက်နေသည့် ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်း ရွှေပြည်သာသို့  လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကွင်းဆင်းစစ်ဆေး၍ အာမခံအလုပ်သမားများကို တွေ့ဆုံအားပေးခဲ့ပါသည်။

          ရွှေပြည်သာမြို့နယ်တွင် အကျုံးဝင်အာမခံအလုပ်သမား ၁၂၀၀၀၀ ကျော်ရှိပြီး အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်း ရွှေပြည်သာကို ၂၂-၁၀-၂၀၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်၍ နိုဝင်ဘာလ ပထမ အပတ်ထိ အာမခံအလုပ်သမား စုစုပေါင်း ၁၉၆၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ်ရှိ လူမှုဖူလုံရေး ကဲဝဲလ်အထွေထွေ ရောဂါကုဆေးခန်းသို့ ရောက်ရှိပြီး အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          မင်္ဂလာဒုံမြို့နယ်တွင် အကျုံးဝင်အာမခံအလုပ်သမား ၉၆၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်း မင်္ဂလာဒုံကို ၄-၃-၂၀၁၇ ရက်နေ့မှ စတင်ဖွင့်လှစ်၍ နိုဝင်ဘာလ ပထမအပတ်ထိ အာမခံအလုပ်သမား စုစုပေါင်း ၁၆၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။

          ဒုတိယဝန်ကြီးက အာမခံအလုပ်သမားများအား ရာသီရောဂါများ မဖြစ်ပွားစေရေး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေး ဂရုစိုက်ပေးရန်နှင့် ကျန်းမာခြင်းသည်လာဘ်တစ်ပါးဆိုသည်နှင့်အညီ ကိုဗစ်-၁၉ အလွန်ကာလ အတွင်း ကပ်ရောဂါ မဖြစ်ပွားစေရေး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အကယ်၍ မကျန်းမမာဖြစ်ခဲ့ပါက အကျုံးဝင် အာမခံ အလုပ်သမားများအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံ၊ ဆေးခန်းများ အပြင် လူမှုဖူလုံရေးနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက် နေသည့် ပုဂ္ဂလိက စာချုပ်ဆေးရုံ၊ ဆေးခန်းများတွင်ပါ ကုသမှုခံယူနိုင်ကြောင်း၊ အဆိုပါ ဆေးရုံ၊ ဆေးခန်းများတွင် အဆစ်အမြစ် ကိုက်ခဲခြင်း၊ တုပ်ကွေးရောဂါ၊ သွေးတိုးရောဂါ၊ အအေးမိ နှာစေးခြင်း၊ ဆီးချိုရောဂါ၊ အစာအိမ်နှင့် အူသိမ်ဆိုင်ရာရောဂါများ၊ ဗီတာမင်ချို့တဲ့ခြင်းနှင့် သွေးအားနည်းရောဂါများ၊ မီးဖွားခြင်းဆိုင်ရာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာနှင့် အရိုးရောဂါများအတွက်  ကုသမှုပေးလျက်ရှိပြီး လိုအပ်သော ဆေးဝါးများကို စာချုပ်ဆေးဆိုင် ကောင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း Fee For Service Payment  ဆေးခန်း ၁၀ ခန်း၊ Capitation Payment ဆေးခန်း ၁၂ ခန်း၊ မီးဖွားဝန်ဆောင်မှု ဆေးခန်း ၇ ခန်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။