အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန် 

ဩဂုတ် ၁၃။

မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်၊ ရန်ကုန်စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု ကမ္ဘာကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမားရေးရာ ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများဖြင့် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ကမ္ဘာသင်တန်းကျောင်းတွင် ပိုက်ဆက်သင်တန်း (Pipe Fitting)တွင် သင်တန်းသား (၇၂) ဦး၊ အဆင့်မြင့်ကျောက်ပုံးရိုက်သင်တန်း (Enhanced System Formwork) တွင် သင်တန်းသား (၂၄၀) ဦးဖြင့်  သင်တန်းကာလ ၂ လကြာ ဖွင့်လှစ်ပို့ချလျက်ရှိသည်။

          ဒုတိယဝန်ကြီးက တွေ့ဆုံမှာကြားရာတွင် ကမ္ဘာသင်တန်းကျောင်းသည် ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်၍ အရည်အသွေး မြင့်မားသည့် ထုတ်ကုန်ပစ္စည်းများကို စံချိန်စံညွှန်းမီ ထုတ်လုပ်သည့် လုပ်ငန်းအဖြစ်  ရပ်တည် နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ခဲ့သည့်  ပုဂ္ဂလိက သင်တန်းကျောင်းဖြစ်၍ သံဂဟေအတတ်ပညာ၊ သံပိုက်ဆက် အတတ်ပညာ၊ သံထည်အဆောက်အအုံပညာ၊ အဆင့်မြင့်အဆောက်အအုံများ အတွက် ကျောက်ပုန်းရိုက် အတတ်ပညာတို့ကို သင်ကြားပို့ချခဲ့ကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်တန်းနည်းပြများ သင်ထောက်ကူပစ္စည်းများကို အလုပ်သမားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံ သံဂဟေအသင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း၊ JFE၊ BCA၊ BV၊ GIZ တို့မှ  နည်းပညာ အထောက်အပံ့ရယူခဲ့ကြောင်း၊ ပြည်တွင်း ရေယာဉ်များတည်ဆောက်ခြင်းနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ပိုက်ဆက်တည်ဆောက်ခြင်း များ ဆောင်ရွက်၍ သင်တန်းဆင်းများကို အလုပ်အကိုင် ချိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်မှသာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် မှတ်ပုံ တင်ခဲ့ကြောင်း။

 ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော သင်တန်းကျောင်းများကို အသိအမှတ်ပြုလက်မှတ်များ ထုတ် ပေးလျက်ရှိကြောင်း၊ လက်ရှိကာလထိ ဦးစီးဌာနအသိအမှတ်ပြု သင်တန်းကျောင်း (၂၅) ကျောင်းနှင့် NSSA အသိအမှတ်ပြု သင်တန်းကျောင်း (၉) ကျောင်းရှိပြီး အလုပ်အကိုင်အခွင့် အလမ်းများ အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းကျောင်းများ အနေဖြင့် အရည်အသွေး ပြည့်မီသည့် သင်ထောက်ကူပစ္စည်းများနှင့် သင်ရိုးညွှန်းတမ်းများကို ခေတ်ကာလနှင့်အညီ  လုပ်သား ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ရန်လို ကြောင်း။  စာတွေ့/လက်တွေ့ ကျွမ်းကျင်ပိုင်နိုင်ပြီး အရည်အသွေး ပြည့်ဝသည့် နည်းပြဆရာများ ဖြင့် သင်ကြားပို့ချပြီး သင်တန်းဆင်းများကို လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး ဆက်လက် ချိတ်ဆက်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကမ္ဘာသင်တန်းကျောင်းအနေဖြင့် အမျိုးသားအဆင့် အသိအမှတ်ပြု ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ရည်မှန်းဆောင် ရွက်ရန်နှင့်  NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ် ဌာနနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်