အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အလုပ် သမားရေးရာဌာနများမှ တိုင်းဒေသကြီးတာဝန်ခံများလိုက်ပါ၍ အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော Center for Vocational Training (Myanmar) သို့ သွားရောက်၍ လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာ လူငယ်များအား အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ယူလေ့လာနိုင်ရန်နှင့် လူငယ်များ လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်စေရေးအပြင် အသိပညာ အတတ်ပညာ ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်း သင်တန်းများတွင် လက်တွေ့သင်ကြားမှုဆိုင်ရာ သရုပ်ပြခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက CVT Myanmar အနေဖြင့် လုပ်ငန်းခွင်တွင် အသုံးချနိုင်ရန် ဘာသာရပ်ဆိုင်ရာ ပညာရပ်များ အပြင် လက်တွေ့ကျသော သက်မွေးပညာရပ်များကို ပေါင်းစပ်သင်ကြားပေး သည့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်၍ လုပ်သားထုအတွက် များစွာအကျိုးရှိကြောင်း၊ CVT Myanmar အနေဖြင့် နားလည်မှုစာချွန်လွှာ သက်တမ်း မကုန်ဆုံးမီ နားလည်မှုစာချွန်လွှာပါ အချက် အလက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) သို့ ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သင်တန်း ဆောင်များ တည်ဆောက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်းတာဝန်ခံနှင့် ဝန်ထမ်းများအား ကျွမ်းကျင်မှု သင်တန်းများကို ဒေသလိုအပ်ချက် နှင့်အညီ စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေး၊ သင်တန်းဆင်းများ  အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးနှင့် သင်တန်းများ၏ အရည်အသွေး အာမခံချက်ရှိစေရေး အလေး ထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမား ပ‌ပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပူး‌ပေါင်းဖွင့်လှစ်သော လေအေးပေးစက်တပ်ဆင်/ ပြုပြင် ခြင်းသင်တန်းအမှတ်စဉ် (၂/၂၀၂၃) တွင် သင်တန်းသား (၂၀) ဦးအား လက်တွေ့ လေ့ကျင့်သင်ကြား နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခုကဲ့သို့ သင်ယူမှုအခွင့်အလမ်းများ ရရှိနေချိန်တွင် သင်တန်း သားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို စနစ်တကျ ကြိုးစားသင်ယူရန်၊ လုပ်ငန်းခွင်တွင်လည်း လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများကို ဆက်လက်လေ့လာသွားရန်နှင့် သင်တန်းသားများ သင်တန်းပြီးဆုံးပါက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ရရှိနိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်မှုခံယူနိုင်သည့် အခွင့်အလမ်းများ ရှိသဖြင့် ဝင်ရောက်ဖြေဆိုရန် တိုက်တွန်းအားပေးစကား ပြောကြားခဲ့ပြီးနောက် သင်တန်းကျောင်း ရုံးအဆောက်အဦနှင့် သင်တန်းခန်းမများအား အဆင့်မြှင့်တင် တိုးချဲ့ဆောင်ရွက်နိုင်မည့် အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။