ရန်ကုန်မြို့                                                                                                     ဒီဇင်ဘာ ၃

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာန တာဝန်ခံများ လိုက်ပါ လျက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ အမှတ်(၅၁၄)ရှိ Aye Lin Latt Htut Training Center သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိရာ သင်တန်းကျောင်းတာဝန်ခံများမှ သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် သင်တန်းကျောင်း ဖွဲ့စည်းပုံ၊ ဦးစီးဌာနသင်တန်းကျောင်းအဖြစ် အသိအမှတ်ပြုထားမှု၊ သင်ကြားခဲ့သည့် ကျွမ်းကျင်မှု သင်တန်းများ၊ လက်ရှိဖွင့်လှစ်နေသည့် သင်တန်းများ၊ ထပ်မံဖွင့်လှစ်မည့် သင်တန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးမှ သင်တန်းကျောင်းတည်နေရာသည် ဆပ်သွားတောကျေးရွာအုပ်စုတွင် တည်ရှိနေ၍ ကျေးရွာနေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး များစွာအထောက် အကူ ဖြစ်စေကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ပြန်လည်ဖွင့်လှစ်ခဲ့မှုအတွက် အသိအမှတ်ပြုပါကြောင်း၊ မော်တာစက်နင်း ကျွမ်းကျင်သင်တန်းနှင့် တစ်ကြောင်းစက်၊ ဓါးစက်ကျွမ်းကျင်သင်တန်းများကို NSSA ၏ ကျွမ်းကျင်မှု “စံ” သင်ရိုး ညွှန်းတမ်းနှင့်အညီ လေ့ကျင့်သင်ကြားနိုင်ရန် နည်းပြများကို စဉ်ဆက်မပြတ် စွမ်းဆောင်ရည် မြှင့်တင်ပေးရန်လိုကြောင်း၊ သင်တန်းကြေးများကို မျှတသည့်နှုန်းထား သတ်မှတ်ဆောင်ရွက်ရန် နှင့် သင်ထောက်ကူပစ္စည်းများ ကြံ့ခိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊

          သင်တန်းဆင်းလူငယ်များအနေဖြင့် သင်တန်းကာလတွင် အမှန်တကယ် တတ်မြောက်ရန် ကြိုးစားသင်ယူပြီး သင်တန်းဆင်းသည်နှင့် လုပ်ငန်းခွင်အတွင်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင် နိုင်ရေး အာရုံစိုက်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ရောက်ရှိက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် ကြီးကြပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် ယုံကြည်ကိုးစားမှုသည် လုပ်ငန်းတိုးတက် အောင်မြင်ရေးအတွက် များစွာအထောက်အကူဖြစ်စေသဖြင့် ခံယူချက်ကောင်းမွန်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။