စစ်တွေမြို့ ဇွန် ၂၈
ရခိုင်ပြည်နယ်အတွင်း ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှု ကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံး များမှ ဝန်ထမ်းများကို အလုပ်သမားဝန်ကြီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ၂၈-၆-၂၀၂၃ ရက်နေ့ ၁၄:၀၀ နာရီတွင် စစ်တွေမြို့ရှိ နန္ဒရာမကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်တင် က တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဦးစီးဌာန၊ အဖွဲ့ရုံးများအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများကို တစ်ဦးလျှင် ကျပ် ၃ သိန်း နှုန်းဖြင့် ဝန်ထမ်း ၁၀၁ ဦးအတွက် ကျပ် ၃၀၃ သိန်းအားလည်းကောင်း၊ ဆိုင်ကလုန်း မုန်တိုင်း မိုခါတိုက်ခတ်စဉ် မိမိပိုင်နေအိမ်/ မိဘပိုင် နေအိမ်တွင် နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအနက် နေအိမ်ပျက်စီးခဲ့သည့် ဝန်ထမ်းများကို တစ်ဦးလျှင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် ဝန်ထမ်း ၇၈ ဦးအတွက် ကျပ် ၁၁၇ သိန်းအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ ဦးစီးဌာန/ အဖွဲ့ရုံးများမှ ဝန်ထမ်းများကိုယ်စား အရာထမ်းတစ်ဦးမှ ကျေးဇူးတင် စကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်က ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၏ အားပေးစကားနှင့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားခြင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များ၏ အခက်အခဲများကို မေးမြန်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည့် စစ်တွေမြို့၊ မောင်နီပြင် ကျေးရွာတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် အာမခံအလုပ်သမားများနှင့် ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။