အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်၊ ဩဂုတ် ၂
မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့်ကူးလူးဆက်သွယ်သွားလာနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင် အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ဂိတ်များ အဖြစ် တာချီလိတ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင်း-ရနောင်း၊ ထီးခီး-ဖူနာရွန် စသည့် နယ်စပ်ဝင်/ထွက်ဂိတ်များလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း/ ပြည်ပခရီးသွားများ လွယ်ကူအဆင်ပြေစွာ ဝင်/ထွက် သွားလာလျက်ရှိသည်။
၂၀၁၈ ခုနှစ်၊ မေလ (၁၁)ရက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီး မစ္စတာဆူရှ မာဆွာရာဂျ်တို့သည် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းသွားလာရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ရာ စာချုပ်လက်မှတ် ရေးထိုးအပြီး ရက်ပေါင်း(၉၀)အတွင်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၌ အပြည်ပြည်ဆိုင်ရာနယ်စပ် ဝင်/ထွက်ဂိတ်များ သတ်မှတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
အဆိုပါ သဘောတူစာချုပ်အရ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေးနှင့် ရီခေါဒါရ်-ဇိုခေါသာတို့အား နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များအဖြစ်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ယင်းနယ်စပ်ဝင်/ထွက်ဂိတ်များ ဖွင့်လှစ်ပြီးပါက သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာနှင့်e-Visaပါရှိသော မြန်မာနိုင်ငံသား များသည် အိန္ဒိယနိုင်ငံသို့လည်းကောင်း၊ သက်တမ်းရှိသောနိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာနိုင်ငံ၏ မြန်မာနိုင်ငံသံရုံးမှထုတ်ပေးသည့် ပြည်ဝင်ဗီဇာ (သို့မဟုတ်) e-Visa ပါရှိသည့် အိန္ဒိယနိုင်ငံသားနှင့် အိန္ဒိယနိုင်ငံသားမဟုတ်သည့် အခြားနိုင်ငံခြားသား (တတိယနိုင်ငံသား)များသည် မြန်မာနိုင်ငံသို့ လည်းကောင်း ဝင်/ထွက်သွားလာနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက် လာသူများအနေ ဖြင့် မည်သည့်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်များမှမဆို ပြည်ပသို့ပြန်လည်ထွက်ခွာခွင့်ပြုမည် ဖြစ်ကြောင်းနှင့် သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် အိန္ဒိယနိုင်ငံသားများအား ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိ ရသည်။
ထို့အပြင် အဆိုပါအပြည်ပြည်ဆိုင်ရာ နယ်စပ်ဝင်/ထွက်ပေါက်များတည်ရှိရာ နယ်စပ်ဒေသ၌ နေထိုင်သူ မြန်မာနှင့်အိန္ဒိယနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Borderpass) ဖြင့် နယ်စပ်မျဉ်းမှ (၁၆) ကီလိုမီတာအကွာအဝေးအထိ ဝင်/ထွက်ခွင့်ပြုမည်ဖြစ်ပြီး တစ်ကြိမ်ဝင်/ ထွက် ခွင့်အတွက် (၁၃) ညအိပ် (၁၄) ရက်ခွင့်ပြုမည်ဖြစ်သည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များဖြစ်သည့် တမူး-မိုရေး နှင့် ရီခေါဒါရ်-ဇိုခေါသာ နယ်စပ်ဂိတ်(၂)ခုအား ၂၀၁၈ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် တစ်ပြိုင်တည်း ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန Website ဖြစ်သည့် www.mip.gov.mm တွင်ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သတင်းရရှိသည်။(-)