ရန်ကုန် ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တက္ကသိုလ်ဝန်းရှိ Recreation Centre ၌ ကျင်းပပြုလုပ်သော မြန်မာ့အလုပ်အကိုင် ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့် အလမ်းများပြပွဲ(၂၀၂၆ခုနှစ်)ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက လူငယ်များနှင့် အလုပ်အကိုင်ရှာဖွေသူများအား သင့်လျော်သော အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်နိုင်မည့် အခွင့်အလမ်းများကို သိရှိနိုင်စေရန်၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက် လိုသူများအကြား တိုက်ရိုက်ချိတ်ဆက်ပေးရန်၊ အနာဂတ်တွင် တိုးတက်လာသော အလုပ်အကိုင် ဆိုင်ရာ အခွင့်အလမ်းများ၏ ကျွမ်းကျင်မှုလိုအပ်ချက်ကို လူငယ်များ သိရှိနိုင်စေရန်၊ အကြောင်း အမျိုးမျိုးကြောင့် အတန်းပညာပြီးဆုံးအောင် မသင်ကြား နိုင်ခဲ့သူများအတွက်လည်း အလုပ်အကိုင် နှင့် ကိုက်ညီသော အတတ်ပညာများ ရရှိအောင် လေ့ကျင့်ဆောင်ရွက်နိုင်မှုကို သိရှိစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း၊
နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ လျင်မြန်စွာပြောင်းလဲတိုးတက်နေသော ခေတ်ကြီး တွင် မနက်ဖြန်နှင့် အနာဂတ် တို့၏ ပြောင်းလဲမှုများကို ရင်ဆိုင်နိုင်သော၊ ကမ္ဘာ့အလုပ်အကိုင် လောကနှင့် လိုက်လျောညီထွေ ဖြစ်သော နည်းပညာရှိသော၊ ဆန်းသစ်တီထွင်နိုင်သော၊ နိုင်ငံ တကာနှင့် ယှဉ်ပြိုင်နိုင်သော ကျွမ်းကျင်လုပ်သားမျိုးဆက်သစ်များ မွေးထုတ်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ အလုပ်ရှင်များ၊ အလုပ်သမားများ၊ ပညာရေးနှင့် လေ့ကျင့်ရေးအဖွဲ့အစည်းများ အားလုံး၏ ပူးပေါင်းအားထုတ်မှုသည် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာ့အလုပ်အကိုင်ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားခြင်းဆိုင်ရာ အခွင့်အလမ်းများပြပွဲ (၂၀၂၆ ခုနှစ်)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းကျောင်းများမှ ခင်းကျင်းပြသထားသော ပြခန်း များကို လှည့်လည်ကြည့်ရှုခဲ့သည်။
နေ့လယ်ပိုင်းတွင် “ကျောင်းသင်ခန်းစာမှ လုပ်ငန်းခွင်ဆီသို့ အင်ဂျင်နီယာလူငယ်တစ်ဦး၏ ပထမ ခြေလှမ်း”၊ “ဟိုတယ်လောကတွင် အောင်မြင်ရန် လိုအပ်မည့် Core Skills များ”၊ “အိုင်တီ ကျောင်းသားဘဝမှ ကမ္ဘာ့စင်မြင့်ထက်ဆီသို့” နှင့် “စာသင်ခန်းမှ သက်မွေးဝမ်းကျောင်း အောင်မြင်မှု ဆီသို့ Soft Skills ဖြင့် ပေါင်းကူးပေးခြင်း” ခေါင်းစဉ် (၄) ခုဖြင့် Panel Discussion ပြုလုပ်မှု၊ ပြခန်းများကို ကျောင်းသား/ ကျောင်းသူ၊ သင်တန်းသား/ သင်တန်းသူများ၊ လုပ်ငန်းရှင် များ၊ အလုပ်သမားများ၊ အများပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်လေ့လာကြ ကြောင်း သတင်းရရှိသည်။

