အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မလေးရှားနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ တရားဝင်သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းအစီအစဉ် (SOP) များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ မလေးရှားနိုင်ငံ၌ မြန်မာ လုပ်သား ၃ သိန်းကျော်ခန့် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။

၂-၉-၂၀၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့၊ Bukit Bintang ဒေသတွင်းရှိ Jalan Nagasari လမ်းနှင့် Jalan Ceylon လမ်းတစ်လျှောက်အား Putrajaya မှ လူဝင်မှု ကြီးကြပ်ရေးဌာန၏ လူဝင်မှုကြီးကြပ်ရေးဒါရိုက်တာဦးဆောင်သော အော်ပရာဇီဖမ်းဆီးစစ်ဆင်ရေး အဖွဲ့မှ စစ်ဆေးဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား ၂၃၅ ဦးဖမ်းဆီးခံရသည့် သတင်းများကိုတွေ့ရှိရ ပါသည်။

မလေးရှားနိုင်ငံရှိ အလုပ်သမားသံအရာရှိအနေဖြင့် မြန်မာနိုင်ငံသားများမှ မလေးရှားနိုင်ငံသို့ လာရောက်လုပ်ကိုင်ရာတွင် တရားဝင်နေထိုင် လုပ်ကိုင်ရန်၊ တရားဝင်နေထိုင် လုပ်ကိုင်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများ၊တရားမဝင်နေထိုင်လုပ်ကိုင်ခြင်း၏ ဆိုးကျိုးများကို အလုပ်သမားများ သိရှိနားလည်သဘောပေါက်စေရေး စက်ရုံ၊ အလုပ်ရုံများ၌လည်းကောင်း၊ အလုပ်သမားရေးရာ ကိစ္စများ ဖြေရှင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများအား နိုင်ငံတကာလေဆိပ် (Kuala Lumpur) ၌ လည်းကောင်း တွေ့ဆုံ၍ အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါသည်။

မလေးရှားနိုင်ငံသည် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများ လျော့နည်းပပျောက်ရေး စီမံချက်အရ အော်ပရာဇီစစ်ဆင်ရေးအဖွဲ့များဖြင့် တရားမဝင် နိုင်ငံခြားသားများကို နေ့စဉ်နှင့်အမျှ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိသောကြောင့် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် သူများအနေဖြင့် တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းမပြုဘဲ တရားဝင်နည်းလမ်းများဖြင့် သွားရောက် အလုပ်လုပ်ကိုင်ကြရန် အသိပေးတိုက်တွန်းအပ်ပါသည်။

                                                                                အလုပ်သမားဝန်ကြီးဌာန