နေပြည်တော် ဖေဖော်ဝါရီ ၂၄
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို့ စေလွှတ်နိုင်ရေးအတွက် နှစ်နိုင်ငံ MoU လက်မှတ်ရေးထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများ၊ ARA Academy ရုရှားဘာသာစကားကျွမ်းကျင်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်မြင့်မားခြင်း၊ ကျင့်ဝတ်သိက္ခာ မရှိသည့် လုပ်ငန်းရှင်များထံတွင် အလုပ် လုပ်ကိုင်ရပါက လုပ်ငန်းခွင် ပြဿနာအမျိုးမျိုး ကြုံတွေ့ရခြင်း၊ နေထိုင်မှုဘဝမလုံခြုံခြင်း၊ အဓမ္မ အလုပ်လုပ်ကိုင်ခိုင်းစေမှုများ ကြုံတွေ့ရခြင်း၊ အလုပ်ရှင် အလုပ်သမား ဖိနှိပ်ခွဲခြား ဆက်ဆံမှုများ ကြုံတွေ့ရခြင်း၊ ကျွမ်းကျင်မှု အရည်အချင်းအလိုက် ရရှိရမည့် လုပ်ခလစာကို အသိအမှတ်ပြု မရရှိခြင်း၊ ဥပဒေအရ သတ်မှတ်ရက်အလိုက် ရရှိမည့် လုပ်ခလစာ မရရှိခြင်းနှင့် လုပ်အားခ ပြည့်ဝစွာ မရရှိခြင်း၊ အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့် သက်တမ်းတိုး ဆောင်ရွက်ရာတွင် အခက်အခဲများ ရှိခြင်းနှင့် သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ ရာသီဥတုပြင်းထန်ခြင်းများ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ပြည်ပနိုင်ငံများ သို့ စေလွှတ်မည့် မြန်မာလုပ်သားများအား သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေ များနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရေး၊ စေလွှတ်မည့် နိုင်ငံ၌ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်အလုပ်ချိန်နှင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ ရရှိရေးအတွက် အလုပ်ရှင်အလုပ်သမား သဘောတူညီချက်စာချုပ် ခိုင်မာစွာ ချုပ်ဆိုနိုင်ရေး၊ ပြည်ပနိုင်ငံများမှ မိသားစုလွှဲပို့ငွေများ စနစ်တကျလွှဲပို့နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပနိုင်ငံများသို့ လုပ်သားများ စေလွှတ်ရာတွင် မိမိ၏ သားသမီးများသဖွယ် သဘောထား၍ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို မျှော်တွေးစဉ်းစား၍ ဂုဏ်သိက္ခာရှိသော ကုမ္ပဏီ များအဖြစ် ရပ်တည်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။