အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              နိုဝင်ဘာ ၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပမည့် အာဆီယံ-တရုတ်ဖိုရမ်သို့ တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့ လေကြောင်း ခရီးဖြင့် သွားရောက်စဉ်အတွင်း ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိ ရပ်နားစဉ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ၎င်းလေဆိပ်ရှိ အထူးဧည့်သည်တော်ခန်းမတွင် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီး ဌာနဝန်ကြီး Mr. Phiphat Ratchakitprakarn ဦးဆောင်သည့် ထိုင်းနိုင်ငံဘက်မှ အလုပ်သမား ရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ထို့သို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU) သက်တမ်းတိုးလက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ MOU လူသစ်စေလွှတ် ခြင်းနှင့် MOU U-turn စနစ်ဖြင့် လူဟောင်းပြန်လည်စေလွှတ်ခြင်းများအတွက် နှစ်နိုင်ငံပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် အလုပ် လုပ်ကိုင်ခွင့်အတွက် အမည်စာရင်းတင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး ကိစ္စရပ်များ၊ အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား Certificate of Identity – CI ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရရှိစေရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား နှစ်နိုင်ငံအကျိုးရလဒ်ကောင်းများ ပေါ်ထွက်စေရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် လေကြောင်းခရီးဖြင့် ညနေပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့ ကြောင်း သတင်းရရှိသည်။