အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် နိုဝင်ဘာ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊နန်နင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ အထိကျင်းပခဲ့သည့် အာဆီယံ-တရုတ် ဖိုရမ်သို့ တက်ရောက်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ တယ်ဟုန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပေါင်စန်းဒေသတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာကိစ္စများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။  

ထိုသို့တွေ့ဆုံရာတွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား အလုပ်သမား ရေးရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မြန်မာအလုပ်သမားများ တရုတ်နိုင်ငံတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကိစ္စရပ်များ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် တရုတ်နိုင်ငံ၏ နိုင်ငံခြားသားအလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ကိစ္စရပ်များဆွေးနွေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။ အဆိုပါ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။