မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲကို  ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်  ညွှန်ကြားရေးမှူးချုပ်များ၊  NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိ အမှတ်ပြုရေး ကော်မတီဝင်များနှင့် အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်လုပ်သားများ၊ Assessment Center တာဝန်ခံများ၊ Inspector များ၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများအပါအဝင် ၁၅၀ ဦး တက်ရောက်ခဲ့သည်။ 

          အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်သား ၅၀၀၀ စစ်ဆေးအကဲဖြတ်ရန် လျာထားပြီး အလုပ်အကိုင် အမျိုးအစားအလိုက် ကျွမ်းကျင် လုပ်သား များ မွေးထုတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝ တိုးတက် စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အပံ့ ဖြစ်စေကြောင်း၊ ကျွမ်းကျင် လုပ်သားအများဆုံးလိုအပ်သော အလုပ်အကိုင်များကိုသာဦးစားပေး စစ်ဆေးအကဲဖြတ် လျက်ရှိကြောင်း၊

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သား မွေးထုတ် ရေး လုပ်ငန်းသည် အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်အတွက် များစွာအကျိုးရှိစေ၍ ကျွမ်းကျင်မှု အသိအမှတ်ပြုခံရသည့် လုပ်သားများအနေဖြင့်  အခြေခံကျွမ်းကျင် လုပ်သား အဆင့်မှ ကျွမ်းကျင်လုပ်သား၊ ဘက်စုံကျွမ်းကျင်လုပ်သား၊ ကြီးကြပ်သူနည်းပညာရှင် (ကျွမ်းကျင်မှုအဆင့်-၄ အထိ) အသိအမှတ် ပြုခံရရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မြန်မာ့လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးလျက် ရှိသဖြင့် မိမိတို့အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရယူရန် စဉ်ဆက်မပြတ်လေ့လာ သင်ယူမှု ပြုနိုင်ရေး လုပ်ဖော်ကိုင်ဖက် လုပ်သားများကို အသိပေးစေ လိုကြောင်း။

          လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေး အရည်အချင်းပြည့်ဝသည့် လူသား ရင်းမြစ်များ လိုအပ်နေသဖြင့် အလေးထားဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ နေပြည်တော်သူနာပြု သင်တန်းကျောင်းတွင် သူနာပြုအကူ အလုပ် အကိုင် ကျွမ်းကျင်မှုအဆင့်-၂ အတွက် စစ်ဆေးအကဲ ဖြတ်ပေးလျက်ရှိကြောင်း၊  မြန်မာနိုင်ငံ လုပ်သား များကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အနေဖြင့် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေး ဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ Inspector နှင့် Assessor များ မွေးထုတ် ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ၂၁၅ ခု တည်ထောင်နိုင်ခဲ့ပြီး အလုပ် အကိုင်အမျိုးအစား ပေါင်း ၃၅ မျိုးအတွက် လုပ်သား ၂၃၀၀၀ ကျော်ကို  စစ်ဆေးအကဲဖြတ်ခဲ့ရာ ကျွမ်းကျင်မှု အဆင့်-၁ မှ ကျွမ်းကျင်မှုအဆင့်-၃ အထိ အရည်အသွေးပြည့်ဝသူ  ၂၁၀၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး နှင့် တာဝန်ရှိသူများ ဦးဆောင်ပြီး ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိ ရန်ကုန်ပန်ပစိဖိတ် အထည်ချုပ်စက်ရုံသို့ သွားရောက် ပြီး အလုပ်ရှင်၊ အလုပ်သမားများနှင့်တွေ့ဆုံကာ စက်ရုံတွင်း အလုပ်သမားရေးရာ လုပ်ငန်း ညှိနှိုင်းရေး ကော်မတီ (WCC) နှင့် လုပ်ငန်း ခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီ(OSH) ဖွဲ့စည်းထားမှု၊ စက်ရုံအတွင်းမှာ အထည်ချုပ်လုပ်သား အလုပ်အကိုင် အတွက် Assessment Center များကို ဖွင့်လှစ်ထားရှိရန်အတွက် လမ်းညွှန်မှာကြားခဲ့သည်။

နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၌  ကျင်းပသည့် အရာထမ်းများ လုပ်ငန်းခွင် ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း ဆင်းပွဲတွင် အမှာစကားပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများအပေါ် အမြဲသစ္စာရှိပြီး ကျင့်ဝတ် “စံ” တန်ဖိုးများနှင့်ကိုက်ညီသည့် နိုင်ငံ့ ဝန်ထမ်း ကောင်းများဖြစ်စေရန်၊ နိုင်ငံတော်တည်ဆောက်ရေးတွင် အမှန်တကယ် အားကိုး ထိုက်သည့် နိုင်ငံသားကောင်းများဖြစ်အောင် လေ့လာဆည်းပူးပြီး ဝန်ထမ်းအချင်းချင်း နားလည်မှု၊ ကိုယ်ချင်းစာမှု၊ အဖွဲ့စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ စွမ်းဆောင်နိုင်သူများ ဖြစ်ရန် တိုက်တွန်း ပြောကြားလိုကြောင်း၊

နိုင်ငံ့ဝန်ထမ်းများဖြစ်၍ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို သိရှိနားလည်ပြီး ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာစောင့်ထိန်း၍ ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ် ထား ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတိုင်းတွင်သာမက လူမှုပတ်ဝန်းကျင်တွင် သိသင့် သိထိုက်သော ဗဟုသုတများကို သင်ယူလေ့လာဆည်းပူးနိုင်ရန် လိုပြီး အခက်အခဲ များကို ရှင်းလင်းနိုင်ရေး စွမ်းဆောင်ရည်ရှိရန် လိုအပ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ စမ်းသပ် တီထွင် လုပ်ကိုင်နိုင်ခြင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိခြင်းတို့ကို အမြဲစောင့်ထိန်းရန်လို ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် “ရှေ့သို့လှမ်းမည် ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း နိုင်ငံ့အကျိုး၊  ပြည်သူ လူထုအကျိုးကို ရွေးယူပြီး မိမိနေရာဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။