နေပြည်တော် ဒီဇင်ဘာလ ၂၁ ရက်
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ NSSA Web Portal ဒုတိယအဆင့် လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၂၁-၁၂-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝးခန်းမ၌ Video Conferencingဖြင့် ကျင်းပခဲ့ရာ အလုပ် အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ မှ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးမြင့်ကြိုင်၊ ကျွမ်းကျင်မှုစစ် ဆေးအကဲဖြတ်ရေးနှင့်အသိအမှတ်ပြုရေး ကော်မတီဝင်များ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ ဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု“စံ”သတ်မှတ်ရေး ကော်မတီများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအလုပ်အကိုင် များမှChief Assessorများ၊ Information Matrix Co., Ltd မှ ကျွမ်းကျင် ပညာရှင်များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လုပ်သားဈေးကွက်အတွင်း ရှိ Stakeholder များအားအသိပညာဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်ရေးဆွဲတည်ဆောက်ထားသည့် NSSA Web Portal ဒုတိယအဆင့် လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်း အခမ်းအနား ဖြစ်ပါကြောင်း။ NSSA အနေဖြင့်ပြောင်းလဲလာသော IT နည်းပညာများနှင့်အညီသတင်းအချက်အလက်များမြန်ဆန် ထိရောက်စွာ သိရှိနိုင်ရန် NSSA Web Portal ကို GIZ ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်မှ စတင် ရေးဆွဲတည်ဆောက်ခဲ့ပြီး ယခုကဲ့သို့ NSSAအဖွဲ့ဝင်များ၊ NSSA ကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်း များထံချပြနိုင်သည့် အနေအထားထိ ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ပါကြောင်း။ ယခုကဲ့သို့ COVID-19 ထိန်းချုပ်ကာကွယ်နေသည့် ကာလအတွင်း၌လုပ်ငန်းခွင်အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများ ကို Home Stay နေရင်း လေ့လာကြည့်ရှုသင်ကြားနိုင်ရန် ခေတ်နှင့်အညီ ပြောင်းလဲနေသည့် အလုပ် အကိုင်ဆိုင်ရာကျွမ်းကျင်မှု“စံ”များကို မိမိတို့နေထိုင်ရာ အရပ်ဒေသများမှအချိန်တိုအတွင်းလေ့လာ နိုင်ရေးအတွက်လည်း ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း NSSA Web Portal ကို စတင် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနှင့် NSSA သည်ပညာရေး အခြေခံနောက်ခံအားနည်းသော လုပ်ငန်းခွင်ရှိ လုပ်သားများ ကမ္ဘာ့အလုပ်အကိုင် ပြောင်းလဲလာမှု များနှင့်အညီ အလုပ်အကိုင်များ တည်မြဲစေရေး၊ မိမိလုပ်ငန်းအတွင်း ဆက်လက်လေ့လာရင်း ဘဝ တစ်သက်တာလေ့လာသင်ယူမှုနှင့် Learning Cycle သို့ ဟန်ချက်ညီ ဝင်ရောက်လာစေရေး၊ ပြောင်း လဲလာသော အလုပ်အကိုင်ပုံစံများ၊ ကျွမ်းကျင်မှုများနှင့်အပ်စပ်မှုရှိစေရန် အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း။ ဝန်ကြီးဌာနအနေဖြင့် နေရာဒေသအစုံတွင် မြန်မာလူမှုအသိုက်အဝန်းများ အတွက်ကျွမ်းကျင် မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့တွေမှာလည်း GIZ ၏ အကူအညီဖြင့် ဘက်စုံလေ့ကျင့်ရေး သင်တန်းကျောင်းများကို ၂၀၂၁ ခုနှစ်အတွင်းဆောက်လုပ်ပြီးနိုင်ရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နေပါကြောင်း။ ထို့အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်သားထုများ အတွက် Swisscontact နှင့်ပူးပေါင်းဆောင်ရွက်နေသည့် ကျေးလက်ဒေသသက်မွေးပညာသင်တန်း များရှိပြီး အဲဒီကျွမ်းကျင်မှုသင်တန်းများရဲ့ ဘာသာရပ်များ၊ သင်တန်းဆိုင်ရာသတင်းများဟာ NSSA Web Portal ဒုတိယပိုင်း အဆင့်မြှင့်တင်ရာတွင် ပါဝင်လာမှာဖြစ်သည့် အတွက် မြန်မာလုပ်သားထု အနေဖြင့် ဝင်ရောက်လေ့လာနိုင်မှာဖြစ်ပါကြောင်း။
လက်ရှိအခြေအနေတွင်ကျွမ်းကျင်မှုနည်းသောအလုပ်အကိုင်များLow-Skilled Occupation များတွင် လုပ်ကိုင်နေရသော လုပ်သားထုကများနေပြီး နောင်တွင် ကမ္ဘာ့အလုပ် အကိုင်အခြေ အနေများ ပြောင်းလဲလာနိုင်သည့့်အတွက် Middle-Skilled Occupation များ၊ High-Skilled Occupation များတွင် လုပ်ကိုင်ရသူများ တဖြည်းဖြည်းများပြားနိုင်ပါကြောင်း။ COVID-19 အလွန် ကာလတွင် Digitalization ဖြင့် ဆောင်ရွက်ရမည့် အလုပ်အကိုင်အခွင့်အလမ်း အသစ်များ ပိုမို များပြားလာနိုင်သည့်တွက် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် သတင်းအချက်အလက်များကို NSSA Web Portal ၌ ထည့်သွင်းဖော်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။
လုပ်ငန်းရှင်များအနေဖြင့် NSSA Web Portal ကို လေ့လာပြီး ကျွမ်းကျင်လုပ်သား ဆိုင်ရာ အချက်အလက်များရရှိစေရေး၊ ဆောင်ရွက်နေသည့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ သိရှိနိုင်စေရေး၊ မိမိတို့ လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှုအဆင့်အလိုက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိအောင် ဆောင်ရွက်စေရေး၊ ကျွမ်းကျင်မှုအဆင့်များ တဆင့်ထက်တဆင့် ပိုမိုမြင့်မားလာစေရေး လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး တို့အတွက် ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါကြောင်း။
NSSA Web Portal တည်ဆောက်ပုံသည် အချက်အလက် စီမံခန့်ခွဲမှုစနစ်၊ စာရွက်စာတမ်း သိမ်းဆည်းရှာဖွေနိုင်သောစနစ်၊ Certificate များစိစစ်နိုင်သည့်စနစ်၊ Onlineလျှောက်လွှာ စီမံ ခန့်ခွဲမှုစနစ်၊ အချက်အလက်များဝန်ဆောင်မှုပေးခြင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း များ၊ သက်မွေးပညာသင်တန်းကျောင်းများ အချက်အလက်များ ထည့်သွင်းနိုင်ခြင်း၊ လမ်းညွှန်မြေပုံ၊ သတင်းများ၊ ဗီဒီယိုများ ထည့်သွင်းနိုင်ခြင်းအင်္ဂါရပ်များနှင့် NSSA Web Portal ကို ပြည့်ပြည့်စုံစုံ ဖန်တီးတည်ဆောက်ထားသည့်အတွက် ဝင်ရောက်လေ့လာကြည့်ရှုသူအတွက် အကျိုးများစေမည် ဖြစ်ပါကြောင်း။
NSSA Web Portal ၏ Phase 2 တွင် NSSA အသိအမှတ်ပြု လက်မှတ်များကို Online မှ တဆင့် လျှောက်ထားနိုင်သည့်စနစ်၊ Test Item Database နှင့် ချိတ်ဆက်ခြင်း၊ အစီရင်ခံစာ များထုတ်ယူကြည့်ရှုနိုင်သည့်စနစ်၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ Application ပြုလုပ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများ နောက်တဆင့် ဖြေဆိုနိုင်ရေး သက်ဆိုင်သူများထံသို့ ဖုန်းအသုံးပြုပြီး SMS စနစ်မှ ပေးပို့နိုင်ရေးတို့အတွက်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း။
NSSA ကော်မတီများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်သူအဖွဲ့ အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အမြင်သစ်၊ အတွေးသစ် စုံလင်စွာဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ စုပေါင်းညီညာစွာ ဝိုင်းဝန်း ပူးပေါင်း အကောင်အထည်ဖော်မှုဖြင့် ပေါ်ပေါက်လာသည့် NSSA Web Portal ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန် မြန်မာ လုပ်သားထုအား အချိန်နှင့်တပြေးညီအကျိုးပြုနိုင်စေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးစေ လိုကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ GIZ မှ Deputy Head of TVET Project၊ ဒေါ်နိုင်ရီမာ က NSSA Web Portal နှင့်ပတ်သက်ကူညီဆောင်ရွက်ပေးမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ကော်မတီဝင်များနှင့် Web Portal တည်ဆောက် ပေးသည့် Information Matrix Co., Ltd မှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို ၁၁:၃၀ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။