အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                          နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေး မှူးအဖွဲ့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁) အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင်  ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို အမျိုးသား ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းကော်မတီ (၈) ရပ်ဖွဲ့စည်းကာ ၂၀၁၉ ခုနှစ်ကစပြီး စက်မှု ကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ကို ဦးစားပေးသတ်မှတ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တို့အား  ကနဦးစီမံချက် နယ်မြေများအဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယခုအချိန် သည် ပထမ (၅) နှစ် စီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ၏ နောက်ဆုံးနှစ်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ် ကြောင်း၊

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြေပြင်အခြေအနေအရ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အခက်အခဲများ၊ အားနည်းချက်များစွာ ကြုံတွေ့ရသော်လည်း လုပ်ငန်း ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ကော်မတီများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ကလေးအလုပ်သမား လျော့နည်းစေရေး အလုပ်အကိုင် အခွင့်အလမ်းများ၊ အသိပညာပေး ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများ၊ လူမှုကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊

လုပ်ငန်းကော်မတီ (၈) ခု အနေဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  ၂၀၁၉ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ စီမံချက်ကာလ (၅) နှစ်အတွက် ကနဦး အညွှန်းကိန်း ရလဒ်များရရှိအောင် ဖော်ဆောင်ခြင်းဖြင့် ဒုတိယ (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အား ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အထောက်အကူပြုနိုင် မည်ဖြစ်သောကြောင့် ပထမ(၅)နှစ်စီမံချက် လုပ်ငန်းဆောင်ရွက်ချက်သည် မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်တစ်ခုလုံး အောင်မြင်စေ ရန် အလွန်အရေးပါသည့်အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း၊

 အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့ ရသည့် အခက်အခဲများ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခုဆွေးနွေးပွဲ၏ ရလဒ်များကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးအကြံပြုပေးရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။