အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                    ဇန်နဝါရီ ၁၇

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေး လုပ်ငန်းကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကော်မတီဝင်များမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

          လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကိစ္စရပ်များကို အရှိန်အဟုန်မပျက် ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသား ကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီကို အဖွဲ့ဝင် ၃၈ ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းတာဝန် ၁၆ ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊

          မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်)ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ အနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ၅ ကြိမ်ကျင်းပခဲ့ကြောင်း၊  ၂၇-၆-၂၀၂၂ ရက်နေ့ တွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက် (၁၅)ရပ်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လုပ်ငန်း ကော်မတီဝင်များက အကောင်အထည်ဖော်ဆောင်ရွက်၍ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မှု နှစ်ဝက်အစီရင်ခံစာကို ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြ ခဲ့ပြီးဖြစ်ကြောင်း၊

မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမငါးနှစ်စီမံချက်(၂၀၁၉ – ၂၀၂၃ ခုနှစ်) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ၅ နှစ်တာ ကာလအတွင်း ကော်မတီဝင်များအနေဖြင့် မိမိတို့ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားနည်း ချက်/ အားသာချက်များကို ပြန်လည်သုံးသပ်၍ ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊

          နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီများမှ ပြည်ထောင်စု၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၏ခွင့်ပြု ဘဏ္ဍာရန်ပုံငွေများဖြင့် ကလေးအလုပ်သမားများ၏ မိသားစုများ ဝင်ငွေတိုးပွားစေရန်အတွက် အခြေခံသက်မွေးပညာရပ် များနှင့် ဒေသထွက်ကုန် တန်ဖိုး မြှင့်နည်းပညာသင်တန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ၅၄၃ ကြိမ်  ဖွင့်လှစ်ပေးခဲ့ကြောင်း၊

နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဒေသခံများအား သက်မွေးနှင့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ် ပို့ချရာတွင် နယ်မြေအခြေအနေအရ သင်တန်းပုံမှန် ဖွင့်လှစ်ရန် ကန့်သတ်ချက်များရှိခြင်း၊ သင်တန်းသား စုဆောင်းရာတွင် ဒေသခံလူငယ်များအနေဖြင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူများပြား၍ သင်တန်းသားရှားပါးခြင်း၊ သင်တန်းမှပုံမှန် ထောက်ပံ့စရိတ် ပေးစေလိုခြင်း၊ သင်တန်းနည်းပြမလုံလောက်ခြင်းများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန များ၊ ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

          ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေးရည်ရွယ်၍ သက်မွေးနှင့် ကျွမ်းကျင်မှု သင်တန်းများဖွင့်လှစ်ရာတွင် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများအထိ လုပ်ကိုင် နိုင်ရန် ဒေသနှင့်ကိုက်ညီသည့် အခြေခံသက်မွေး ပညာသင်တန်းများနှင့် ဒေသထွက်ကုန် တန်ဖိုးမြှင့်နည်းပညာသင်တန်းများ ကို ဖွင့်လှစ်ဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့သို့ ဘဏ္ဍာငွေအချိန်မီရရှိရေး တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက် ၁၅ ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆုံးဖြတ်ရ မည့်အချက်များကို တက်ရောက်လာသူများထံမှ အတည်ပြုချက်ရယူ၍ နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေး ရုပ်သိမ်းခဲ့ပါသည်။