အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                             ဩဂုတ် ၂၉

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀) နာရီတွင်  နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဥ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလအတွင်း ကျင်းပပြုလုပ်နိုင်ရေး ရည်ရွယ်၍ လုပ်ငန်းကော်မတီ(၈)ရပ်၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများကို ပြန်လည်သုံးသပ် ညှိနှိုင်းဆွေးနွေးနိုင်ရန် အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့(၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရန် အတွက် အသိပညာနှင့် ဗဟုသုတတိုးမြှင့်စေခြင်း၊ နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့်အညီ ဥပဒေ ပြင်ဆင်ရေးဆွဲခြင်း၊ ကလေးအလုပ်သမား ပြဿနာအပေါ် ဖြေရှင်းနိုင်ရန် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်း၊ တာဝန်ဝတ္တရားများ သတ်မှတ်ခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းချမှတ်၍ တိုးတက်မှုကို အကဲဖြတ်ခြင်းဖြင့် ရေရှည်တွင် ကလေးအလုပ်သမား လျော့နည်း ပပျောက်စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲနိုင်ခဲ့ကြောင်း၊

 အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ပထမ(၅)နှစ်ကာလတို ၂၀၁၉-၂၀၂၃ စီမံချက်ကို ၂၀၁၉ ခုနှစ်ကစပြီး စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍတို့ကို ဦးစားပေး နယ်ပယ်သတ်မှတ်ကာ ကနဦးနယ်မြေအဖြစ် တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခု အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ခရိုင်၊ မြို့နယ်အဆင့်ထိ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊

လက်ရှိတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၂-၁၁-၂၀၂၁  ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၃၅၈/၂၀၂၁)ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် (၃၇)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကို (၄)ကြိမ် ကျင်းပပြုလုပ်ကာ အမျိုးသားကော်မတီ၏ လုပ်ငန်းကော်မတီ (၈)ခုကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သည့် အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက် (၁၂)ချက်ကို  အကောင်အထည် ဖော် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း၊

အတွင်းရေးမှူးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းများ ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် လုပ်ငန်းကော်မတီ(၈)ခု၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ လုပ်ငန်း စီမံချက် အကောင်အထည်ဖော်မှု အခြေအနေများ၊ တိုးတက်မှု အခြေအနေများကို ပြန်လည် သုံးသပ်၍ လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ရန် အမျိုးသားကော်မတီထံ တင်ပြရမည်ဖြစ်ကြောင်း၊

ကလေးသူငယ်များ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်၏ အနာဂါတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ရလဒ်ကောင်းများ ရရှိစေရန်အတွက် အတွင်းရေးမှူးအဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပြီး မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြအတည်ပြုချက် ရယူနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးအကြံပြုကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ အတွင်းရေးမှူးအဖွဲ့ လုပ်ငန်းတာဝန်ခံနှင့် တက်ရောက်လာကြသူများက ဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။