နေပြည်တော် ဒီဇင်ဘာလ ၃
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကလေး အလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကာ Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးကို မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်နိုင်ရေးနှင့် အမျိုးသား အဆင့် ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အား ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် ကလေးအလုပ်သမားဆိုင်ရာ အခြေခံဗဟုသုတများ ပြန့်ပွားစေရန် ရည်မှန်းချက် (၆)ရပ်၊ ကာလရှည် (၁၅)နှစ် စီမံကိန်းကို ကာလတို (၅)နှစ် စီမံကိန်း (၃) ကြိမ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဒုတိယ(၅)နှစ်တာကာလ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နှစ်စဉ် ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ကလေး အလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့” အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် မြေစိုက်ပိုစတာနှင့် Billboard စိုက်ထူ ခြင်း၊ အသိပညာပေးဆွေးနွေးခြင်း၊ Talk Show ပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊
လုပ်ငန်းကော်မတီအလိုက် အညွှန်းကိန်းရလဒ်များရရှိအောင် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ကော်မတီအလိုက် ပါဝင်ဖွဲ့စည်းထားသည့် အစိုးရဌာန၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး ယနေ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီ (၈)ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ အမျိုးသားကော်မတီက ဆောင်ရွက်ပေးရမည့် အချက်များကို ဆွေးနွေးတင်ပြရန်နှင့် အမျိုးသားကော်မတီ အဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ရယူမည့်ကိစ္စရပ်များကို အလေးထားဆွေးနွေးတင်ပြရန် မှာကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြပြီး အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

