နေပြည်တော် နိုဝင်ဘာ ၁၉
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ပဥ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်း ကော်မတီဝင်များက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှု များ လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ် ပေးရန်၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာ ကျောင်းများ တက်ရောက်နိုင်ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ပေးရန် ရည်မှန်းချက်များချမှတ် အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း၊
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များအပေါ် ပြန်လည် သုံးသပ်၍ ဒုတိယနှစ်ဝက်ကာလအတွင်းဆောင်ရွက်ရမည့် ကျန်လုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် စဉ်ဆက်မပြတ်အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း မှာကြား သည်။
ဆက်လက်၍ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တက်ရောက်လာသည့် လုပ်ငန်း ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

