နေပြည်တော် ဒီဇင်ဘာ ၁၄
မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ အလုပ်သမား မောင်အောင်ကိုသင်း (ME 489831) သည် ၂၀၁၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်ရှိ Hong Poh Engineering Construction Sdn bhd ဆောက်လုပ်ရေးကုမ္ပဏီ၌ အလုပ်လုပ်ကိုင်နေစဉ် ၂-၅-၂၀၂၀ ရက်နေ့တွင် အမြင့်မှပြုတ်ကျ၍ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး အမြဲတမ်း(လုံးဝ)မသန်စွမ်းမှု ဖြစ်ပွားခဲ့ရာ ပီနန်းပြည်နယ်ရှိ I-Care Nursing Home ၌ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) မှ ဆေးကုသမှုပေးခဲ့ကြောင်း၊
မောင်အောင်ကိုသင်းအား မြန်မာနိုင်ငံသို့စနစ်တကျ ပြန်လည်ပို့ဆောင်ရန်အတွက် နှစ်နိုင်ငံလူမှုဖူလုံ ရေးအဖွဲ့များအကြား Online ဖြင့် Technical Meeting များ ကျင်းပပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အကူအညီဖြင့် မလေးရှားလေကြောင်းခရီးစဉ်အမှတ် (MH-740) ဖြင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၁၃-၁၂-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ဆိုက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မြောက်ဉက္ကလာပပြည်သူ့ဆေးရုံကြီး (ရန်ကုန်)၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများနှင့် မောင်အောင်ကိုသင်း၏ မိသားစုဝင်တို့မှ လွှဲပြောင်းလက်ခံ၍ မြောက်ဉက္က လာပပြည်သူ့ဆေးရုံကြီး (ရန်ကုန်)၌ လိုအပ်သည့် ဆေးကုသမှုများဆက်လက်ခံယူလျက်ရှိပါကြောင်း၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ် ၂,၂၀၀,၀၀၀/- (ကျပ်နှစ်ဆယ့်နှစ်သိန်း တိတိ) အား မိခင်ဖြစ်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) မှ ပေးအပ်မည့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်များ ရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (SSB) နှင့် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) တို့ အကြား လူမှုဖူလုံရေးအစီအစဉ်နှင့်လုပ်ငန်းစဉ်များမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန် လွှာ (MOC) ကို ၁၃-၁၀-၂၀၂၀ ရက်နေ့၌ လက်မှတ်ရေးထိုး၍ မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်း စဉ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား (၂၁) ဦးတို့မှ မှီခိုသူအကျိုးခံစားခွင့်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၉,၀၀၁.၄၇ ( USD$ 169,001.47 )နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အမြဲတမ်း(လုံးဝ)မသန်စွမ်းမှုဖြစ်ပွားသည့် မြန်မာအလုပ်သမား (၂) ဦးအနက် (၁) ဦးမှ အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်ငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၂,၈၀၂.၄၆ (USD$ 2,802.46) တို့အား မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့(PERKESO)မှ မိသားစုဝင်များ၏ ဘဏ်စာရင်းမှတစ်ဆင့် လက်ခံရရှိခဲ့ပါကြောင်း၊ မလေးရှားနိုင်ငံ၌ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားရှိရန်လိုအပ်ပါကြောင်းနှင့် လုပ်ငန်းခွင်ထိခိုက်မှုအတွက် မှီခိုသူအကျိုးခံစားခွင့်နှင့် အမြဲတမ်း (လုံးဝ) မသန်စွမ်းမှုများအတွက် အကျိုး ခံစားခွင့်များ မှန်ကန်မြန်ဆန်စွာရရှိစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ကိုသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမှု
လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများ လွှဲပြောင်းလက်ခံမှု
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှငွေကျပ်-၂,၂၀၀,၀၀၀/- အား ထောက်ပံ့ပေးအပ်မှု
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး(ရန်ကုန်)၌ ဆေးကုသမှုခံယူလျက်ရှိပုံ