အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                           ဇွန်လ ၁၂ ရက်

          ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် NSSA ၏ ရှေ့ဆက်ဆောင်ရွက်မည့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို စုပေါင်းအဖြေရှာနိုင်ရန်နှင့် ဖြေရှင်းနိုင်ရန်တို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဖူလုံရေး အစည်းအဝေးခန်းမ၌ ဦးဆောင်ကျင်းပခဲ့ရာ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း၊

           အစည်းအဝေးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဖြေဆိုသူ (၂၅၀၀) ဦး စစ်ဆေးအကဲ ဖြတ်နိုင်ရေး၊ NSSA အသိအမှတ်ပြုလက်မှတ်များ လျှောက်ထားခြင်းကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အစိုးရ၊ ပုဂ္ဂလိကသင်တန်း ကျောင်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သားများ ပိုမို မွေးထုတ်နိုင်ရေးနှင့် လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို Digitalization အသွင် ကူးပြောင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း၊

          အစည်းအဝေးရလဒ်အနေဖြင့် NSSA ၏ လုပ်ငန်းများ အရည်အသွေးအာမခံချက်ရှိရှိဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ Test Item Database အသုံးပြု၍ စစ်ဆေးအကဲဖြတ်နိုင်ရေး၊ ကျွမ်းကျင်လုပ်သား အများဆုံးလိုအပ်သည့် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှုစံများ ပြန်လည် သုံးသပ်နိုင်ရေး၊ ဖြေဆိုသူလက်စွဲစာအုပ်နှင့် စစ်ဆေးအကဲဖြတ်သူလက်စွဲစာအုပ်များ ပြုစုနိုင်ရေး၊ NSSA အသိအမှတ်ပြုလက်မှတ်လျှောက်ထားသည့် သင်တန်းကျောင်းနှင့် စစ်ဆေးအကဲဖြတ်ရေး ဌာနများအား အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ မှတ်ပုံတင်ကြေး ကောက်ခံနိုင်ရေး၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ၏ သက်တမ်းကာလသတ်မှတ်နိုင်ရေး နှင့် NSSA Web Portal မှတစ်ဆင့် Application Form ဖြင့် လျှောက်ထားမှုကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လမှစတင် အသုံးပြုနိုင်ရေးတို့ကို တက်ရောက်လာသူများမှ ဝိုင်းဝန်းအဖြေရှာခဲ့ကြကြောင်း သတင်းရရှိသည်။