မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ ရုံးအမှတ် (၅၁) စုပေါင်းအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ရာ NSSA ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ (ACC)၊ အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီ၊ အလုပ်အကိုင်အလိုက်ကျွမ်းကျင်မှုစံ သတ်မှတ်ရေးကော်မတီတို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးက NSSA အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ လုပ်သားဈေးကွက်နှင့်ကိုက်ညီမည့် စံ သတ်မှတ်ချက်များ ရေးဆွဲဆောင်ရွက်ရန်နှင့် လုပ်သားများ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ NSSA လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ရန် ဆက်စပ်ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပုဂ္ဂလိက သက်မွေးပညာအသင်း တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက် လုပ်ငန်းစဉ် အတွက် အလုပ်အကိုင်အမျိုးအစား (၇၀) တွင် ကျွမ်းကျင်မှု စံ (၉၂) ခုကို အတည်ပြုခဲ့ပြီး ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် (၅၂)မျိုးတွင် ကျွမ်းကျင်လုပ်သား (၂၆,၉၆၉)ဦး၊ စစ်ဆေးအကဲဖြတ်ရေး ဌာန(၂၇၅)ခု၊ စစ်ဆေးရေးမှူး(၁၀၂)ဦး၊စစ်ဆေးအကဲဖြတ်သူ(၈၆၆)ဦးကိုအသိအမှတ်ပြုပေးခဲ့ကြောင်း၊
NSSA အနေဖြင့် အလုပ်အကိုင်ရှာဖွေလိုသူများအား လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်အကိုင် ကျွမ်း ကျင်မှုများ မြှင့်တင်နိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်၊ လုပ်သားဈေးကွက် အတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊
သင်တန်းအမျိုးအစားအလိုက် NSSA အသိအမှတ်ပြုသင်တန်းကျောင်းများကို ၂၀၁၉ ခုနှစ်မှ စတင်၍ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်ထုတ်ပေးခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ သင်တန်း ကျောင်း (၁၉) ကျောင်း ရှိပြီဖြစ်ကြောင်း၊ သင်တန်းကျောင်းများတွင် ဟိုတယ်ဝန်ဆောင်မှု၊ ဆောက်လုပ်ရေး၊ စီးပွားရေး၊ ဂဟေဆက်၊ လေအေးပေးစက်၊ လျှပ်စစ်၊ အထည်ချုပ်နှင့် မော် တော်ယာဉ်စက်ပြင်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပို့ချ၍ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေး နေကြောင်း၊
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ဖြေဆိုသူ (၅,၀၀၀) ဦးကို စစ်ဆေးအကဲဖြတ်မှု လျာထားချက်ပြည့်မီရေး၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် Chief Assessor၊ Assessor များ တက်ညီလက်ညီ ပူးပေါင်းပါဝင်ရေး၊ Assessor တစ်ဦးအနေဖြင့် တာဝန်ယူဆောင်ရွက် ရမည့် အလုပ်အကိုင်အရေအတွက် သတ်မှတ်ရေး၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စံ ကော်မတီ များမှ အဆိုပြုထားသည့် Inspector နှင့် ACC Member များကို အတည်ပြုရေး၊ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အရည်အသွေးထိခိုက်မှု မရှိစေရေး နှင့် အနည်းဆုံးဖြေဆိုသူဦးရေ၊ စစ်ဆေးအကဲဖြတ်သူဦးရေနှင့် ဖြေဆိုမည့်ကာလကို တိကျစွာ သတ် မှတ်ရေး၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်ဘဏ္ဍာငွေမှ စိုက်ထုတ် ကျခံသုံးစွဲခြင်းဖြစ်၍ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများအနေဖြင့် ကျွမ်းကျင်မှု အဆင့်အလိုက် စစ်ဆေးအကဲဖြတ်မှုခံယူရန် လျှောက်ထားလာသော ဖြေဆိုသူများအနက် အရည် အချင်း ပြည့်မီနိုင်သူများကိုသာ စိစစ်ရွေးချယ်ရေး၊ ဆယ်တင်ပစ္စည်းများ ထုခွဲရောင်းချ၍ နိုင်ငံတော် ဘတ်ဂျက်သို့ ပြန်လည်ပေးသွင်းရန်နှင့် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်း မတ်လတတိယပတ်အတွင်း အပြီးပေးသွင်းရေး၊ NSSA အသိအမှတ်ပြုလက်မှတ်ရယူထားသည့် စစ်ဆေးအကဲဖြတ်ရေးဌာနများ သည် သက်တမ်းကာလ (၂) နှစ်အတွင်း တစ်ကြိမ်မျှ စစ်ဆေးအကဲဖြတ်မှု ဆောင်ရွက်ခြင်းမရှိက သတ်မှတ်ဒဏ်ကြေးပေးသွင်းရေး၊ Assessor အသိအမှတ်ပြု လက်မှတ်ရယူပြီး စစ်ဆေးအကဲဖြတ်မှု ပါဝင်ဆောင်ရွက်ခြင်းမရှိသည့် Assessor များကို နှိုးဆော်စာ ထုတ်ပြန်ရေး၊ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် ASEAN Skills Competition ၌ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင် နိုင်မည့် အလုပ်အကိုင်နယ်ပယ် (၆) ခုဖြစ်သော Information and Communication, Manufacturing and Engineering, Construction and Building Technology ကဏ္ဍ (၃) ခုနှင့် Social and Personal Services, Creative Arts and Fashion, Transportation and Logistics ကဏ္ဍ (၃) ခုမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည့် လုပ်ငန်းကဏ္ဍများရွေးချယ်၍ အာဆီယံနိုင်ငံများ၏ ကျွမ်းကျင်မှု စံ များကို လေ့လာပြီး လေ့ကျင့်သင်ကြားပေးရန် မှာကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသူများမှ NSSA ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ငန်းရှင်များမှ ပူးပေါင်းပါဝင်ကူညီရေး၊ လုပ်ငန်း ခွင်နှင့်သင့်လျော်သော သင်ရိုးညွှန်းတမ်းများ ရရှိရေး၊ ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက် မပြတ်ပေးနိုင်ရေး၊ လုပ်ငန်းခွင်အလိုက် လုပ်သားများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် များ ရရှိရေးတို့အတွက် Public, Private, Partnership အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အလေးထားဆောင်ရွက်ပေးရန် ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။