နေပြည်တော် ဇူလိုင် ၂၉ ရက်
နေပြည်တော်၊ သင်္ဂဟဟိုတယ်၌အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်း၍ South- South and Triangular Cooperation အစီ အစဉ်အရ Knowledge Sharing Workshop between Myanmar and Thailand on Social Protection အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပခဲ့ သည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး မှ နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ် စွမ်းအားစုဖြစ်တဲ့ အလုပ်သမားများရဲ့ လူမှုဘဝလုံခြုံရေးနဲ့ကျန်းမာရေး စောင့်ရှောက်မှု တွေကို ပိုမိုခံစား ရရှိစေခြင်းဖြင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် လူမှုဖူလုံရေးအဖွဲ့အနေနဲ့ အလုပ်သမားများရဲ့ ကျန်းမာရေးနဲ့လူမှုရေးလိုအပ်ချက်တွေကို အလုပ်ရှင်၊ အလုပ်သမားနဲ့ နိုင်ငံတော်က စုပေါင်းအာမခံထားပြီး ဥပဒေနဲ့အညီ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမားအားလုံးအား သင့်တော်ကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းစဉ်အရ အကျိုးခံစားခွင့်များရရှိစေဖို့ဆောင် ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် လူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးမှုမြှင့် တင်ရေးတို့အတွက် လူမှုဖူလုံရေးသည် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊
လူမှုဖူလုံရေးစနစ် အောင်မြင်ရေးသည် ယင်းစနစ်အပေါ် အများပြည်သူယုံကြည်မှု ရှိစေရေးသည် အဓိကအကြောင်းအရာဖြစ်ကြောင်းနှင့် ယင်းယုံကြည်မှုဖြစ်ပေါ်စေရေးအတွက် ကောင်းမွန်သည့် အုပ်ချုပ်မှု (Good Governance) စနစ်တစ်ရပ် ပေါ်ပေါက်စေရေးကိုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကောင်းမွန်သည့် လူမှုဖူလုံရေးစီမံအုပ်ချုပ်မှု (Governance of Social Security) လုပ်ငန်းစဉ် အောင်မြင် ရေးအတွက် အစိုးရ၊ လူမှုဖူလုံရေးအဖွဲ့သာမက အလုပ်ရှင်များ၊ အလုပ်သမားများနှင့် အကျိုးခံစားခွင့် ရရှိသူများပါ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံလူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ILO နှင့်ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် (၄) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းအပြင် ASEAN Social Secuirty Association နှင့် အပြည်ပြည်ဆိုင်ရာ လူမှုဖူလုံရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊
ILO- South – South and Triangular Cooperation အစီအစဉ်အရ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ လူမှုဖူလုံရေးအဖွဲ့များကြား လူမှုဖူလုံရေး စီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များ၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ကောင်းမွန်သောကျင့်သုံးမှုများ၊ စိန်ခေါ်မှုများကို မျှဝေသွားမှာဖြစ်တဲ့အတွက် အစီအစဉ်မှာ ပါဝင်တဲ့နိုင်ငံသုံးနိုင်ငံ၏ လူမှုဖူလုံရေးလုပ်ငန်းစဉ်များကို ပိုမို သိရှိနားလည်ကာ အပြည်ပြည်ဆိုင်ရာမှာ ကျင့်သုံးနေတဲ့ လူမှုကာကွယ်စောင့်ရှောက်မှုနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ အတွေ့အကြုံများ၊ ယေဘူယျစိန်ခေါ်မှုများကို မျှဝေခြင်းအားဖြင့် အနာဂါတ်တွင် မိမိတို့နိုင်ငံနှင့် သင့်တော်မည့် လုပ်ငန်းစဉ်များကို ချမှတ် အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ILO မှ Senior Social Security Specialist ဖြစ်သူ Dr. Markus Ruck က လူမှုကာကွယ်စောင့်ရှောက်ရေးသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံများအနေဖြင့် လူမှု ကာကွယ်စောင့်ရှောက်ရေးကို ဆောင်ရွက်ဖို့လိုအပ်ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အခြေအနေခြင်း မတူကြသော်လည်း ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အတွေ့အကြုံများကို မျှဝေသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီး South – South and Triangular Cooperation (SSTC) အစီအစဉ်နှင့် ပတ်သက်၍ ဆက်လက်ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လူမှုဖူလုံရေးရုံးနှင့် အမျိုးသားကျန်းမာရေးစောင့်ရှောက်ရေးရုံးတို့မှ ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့ အစည်းနှင့်အလုပ်သမားအဖွဲ့အစည်းတို့မှကိုယ်စားလှယ်များ၊ ILO မှဖိတ်ကြားထားသော ကိုယ်စားလှယ် များတက်ရောက်ခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိ (၄) ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။