နေပြည်တော် ဇန်နဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် သည် မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သံအမတ်ကြီး H.E Mr. Bounphieng CHANTHAVONG တို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် လာအိုနိုင်ငံသည် မိမိတို့နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် လာအိုနိုင်ငံသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုများရှိရာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၆၀,၀၀၀ ခန့်ရှိပြီး အဆိုပါအထောက်အထားမဲ့ မြန်မာနိုင်ငံသားများအတွက် ဝန်ကြီးဌာနများပူးပေါင်း၍ နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းအား e-ID စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI) ထုတ်ပေးနိုင်ရေးဆောင်ရွက်ရန် ကိစ္စရပ် များ၊ (OWIC)ကတ်ပြား ထုတ်ပေးရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်အကိုင်ဖန်တီး ပေးမှုများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ILO ၏ စံချိန်စံညွှန်းများနှင့်အညီ Convention-87 ကို အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများကို ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ နှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးမှုအခြေအနေများနှင့် လာအိုနိုင်ငံနှင့် အလုပ်သမားရေးရာကဏ္ဍ များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး မြန်မာ-လာအို နှစ်နိုင်ငံ အလုပ်သမားရေးရာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို ၂၁-၁၀-၂၀၂၄ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် မြန်မာနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနနှင့် လာအိုနိုင်ငံ၊ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။