အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                               နိုဝင်ဘာလ ၂၇

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ (၁/၂၀၂၅) လုပ်ငန်းငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အစည်းအဝးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ လူဦးရေ ၅၁.၃ သန်းကျော်ရှိရာ အသက် ၁၈ နှစ် အောက် လူဦးရေသည် နိုင်ငံလူဦးရေ၏ ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြပါကြောင်း၊

အဆိုပါကျေးလက်ဒေသရှိ ကလေးသူငယ်များသည် ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် သန့်ရှင်းမှုဆိုင်ရာ ဝန်ဆောင်မှု၊ ပညာသင်ကြားခွင့်ဆိုင်ရာ အခွင့်အရေးများကို အကန့်အသတ်ဖြင့်သာ ရရှိနေကြသဖြင့် နိုင်ငံတော်အနေဖြင့် မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ ကလေး သူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တနှင့် ခံယူချက်မြင့်မားရေး အသက်ရှင် သန်ရပ်တည်ရေးတို့မှအစ စီမံကိန်းများချမှတ်လျက် ပြုစုစောင့်ရှောက်ကာကွယ်မှုများ ပေးလျက်ရှိ ပါကြောင်း၊

အသက် ၁၈ နှစ်မပြည့်သေးသည့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့်စပ်လျဉ်း၍ ဥပဒေများပြဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုများပေးနေသကဲ့သို့ ဥပဒေနှင့်အညီကလေးအလုပ်သမား ပပျောက်ရေးအတွက်  မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီနှင့် လုပ်ငန်းကော်မတီ ၈ ခုအား ဖွဲ့စည်း၍ ကဏ္ဍအလိုက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

ကော်မတီအနေဖြင့် ကလေးသူငယ်များ အတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးဆောင်ရွက်ပေးခြင်း၊ ဒေသအလိုက်အသက်မွေးဝမ်းကြောင်းလုပ်ငန်း အမျိုးမျိုးနှင့် ချိတ်ဆက်ပေးခြင်း၊ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာထောက်ပံ့ ပေး၍ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်းဖြင့် လူမှုစီးပွားဘဝမြင့်မားလာနိုင်ခြင်း၊ အလုပ်အကိုင် ပေးလိုသောဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းတို့ကို ဝန်ကြီးဌာနများအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊  

            မြန်မာနိုင်ငံအတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးကိုရှေးရှု၍ ကော်မတီ အနေဖြင့်အမျိုးသားအဆင့် စီမံချက်ပါလုပ်ငန်းအစီအမံများကို အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိရာ ပထမငါးနှစ်လုပ်ငန်းစီမံချက်(၂၀၁၉-၂၀၂၃ ခုနှစ်)ကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင်များက လုပ်ငန်းဆောင်ရွက် ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။