နေပြည်တော် ဇွန် ၂၈
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စောင့်ကြည့် အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၏ စောင့်ကြည့်အကဲဖြတ်စိစစ်ရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် လုပ်ငန်းကော်မတီဝင်များက ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက် သည့် အဓိက ရည်မှန်းချက်များမှာ ကလေးများအား ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမား များအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသည့် အလုပ်နှင့် လုပ်ငန်းခွင်များမှာ လုပ်ကိုင်နေရသည့် ကလေးအလုပ်သမားတွေကို ဖယ်ရှားပြီး သင့်လျော် ကောင်းမွန်သည် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေးတို့ကို စီမံဆောင်ရွက် ပေးရန်စသည့် ရည်မှန်းချက်များ ချမှတ်ထားကြောင်းပြောကြားပါသည်။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စောင့်ကြည့်အကဲဖြတ် စိစစ်ရေး လုပ်ငန်းကော်မတီဝင်များအနေဖြင့် ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) အတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားနည်းချက်၊ အားသာချက်များ အပေါ် ပြန်လည်သုံးသပ်၍ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဆိုပါက ယခင်ပထမငါးနှစ်စီမံချက် ကာလထက် ပိုမို ကောင်းမွန်သည့် ရလဒ်ကောင်းများ ရရှိလာမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ စောင့်ကြည့်အကဲဖြတ်စိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်း ကော်မတီ၏ အမျိုးသားအဆင့် ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ ခုနှစ်) ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) အပေါ် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ဆွေးနွေးတင်ပြ ခဲ့ပြီး လုပ်ငန်းကော်မတီဝင်များနှင့် တက်ရောက်လာသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအရုဏ်ဦးက စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အချက် များကို ရှင်းလင်းတင်ပြအတည်ပြုချက်ရယူပြီး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ခံယူကာ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် အလေးထားအကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။