ရန်ကုန်၊ဇန်နဝါရီ၂၅ရက်
၁။ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) ဖွင့်ပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ဇန်နဝါရီလ၂၅ရက်နေ့တွင်ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသိန်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူဝင်မှု ကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ် ဌာန ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊NSSA၏ကော်မတီ ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာသင်တန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင်များ၊ ဒိုင်ပြုလုပ်ပေးမည့် ကျွမ်းကျင် ပညာရှင်များ၊ လူမှုစီးပွားရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်း များအပါအဝင်စုစုပေါင်း (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) သည်မြန်မာနိုင်ငံအတွင်းလူမှုစီးပွားရေးကူးလူး ဆက်ဆံမှုဖြစ်စဉ် တွင်အလေးထားရမည့် မြန်မာလူ့စွမ်းအား အရင်းအမြစ်ဖြစ်သော လူငယ်လုပ်သားများ၏ကျွမ်းကျင် မှုစွမ်းရည်ကို မှတ်ကျောက်တင်ပြသနိုင်မည့်ပွဲကြီးဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် မြန်မာစီးပွားရေး ဈေးကွက်အတွင်းရှိအလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုများ စုဝေးဖော်ပြရာ အချက်အချာနေရာတစ်ခု ဖြစ်ပြီး စီးပွားရေးနှင့်ကျွမ်းကျင်မှုဆိုင်ရာမူဝါဒချမှတ်သူများ၊ သက်မွေးပညာ လေ့ကျင့် သင်ကြားရေး နယ်ပယ်မှပုဂ္ဂိုလ်များ၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဇုန် များတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသောအဖွဲ့အစည်းများ အတွက် ခွန်အားဖြစ်စေမည့်ပြိုင်ပွဲဟု ဆိုနိုင်ကြောင်းပြောကြားခဲ့ပါသည်။
၃။ NSSAသည် ၂၀၁၃ခုနှစ်၊ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊အခန်း (၇)၊ ပုဒ်မ၂၄၊ ၂၅အရ မြန်မာ့လူငယ်၊ လုပ်သားထုတို့အတွက် အလုပ်အကိုင်ဧရိယာအလိုက် ကျွမ်းကျင်မှု ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိကြောင်း၊ NSSAဦးဆောင်မှုဖြင့် ၂၀၁၄ခုနှစ်၊ ဗီယက်နမ်၌ ကျင်းပသည့် (၁၀) ကြိမ်မြောက်၊၂၀၁၆ခုနှစ်မလေးရှားနိုင်ငံ၌ကျင်းပသည့် (၁၁) ကြိမ်မြောက်၊ ၂၀၁၈ခုနှစ် ထိုင်းနိုင်ငံ၌ ကျင်းပသည့် (၁၂) ကြိမ်မြောက်အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လတွင်စင်ကာပူ၌ကျင်းပမည့် (၁၃) ကြိမ်မြောက်အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ သည် စတုတ္ထအကြိမ် မြောက်ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
၄။ ယနေ့ကမ္ဘာ၏ ဖြစ်ပေါ်ပြောင်းလဲမှုဖြစ်စဉ်များ အဆင့်မြင့်နည်းပညာကို အခြေခံသော စီးပွားရေး၊ လူမှုရေး၊ စက်မှု၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံတွင် တရှိန်ထိုးပြောင်းလဲ တိုးတက်နေပြီး နောက်ဆုံးပေါ် နည်းပညာအသုံးပြုသည့် Industrial 4.0 သို့ရောက်ရှိနေသဖြင့်အချို့လုပ်ငန်းစဉ်များ၌ Industrial 4.0 ကိုအခြေခံသော education 4.0၊ HR 4.0၊ Economic 4.0၊ Marketing 4.0၊ Banking 4.0 စသဖြင့် ခေတ်ကာလနဲ့ အညီပြောင်းလဲအကောင်အထည်ဖော်လာကြသည်ကိုတွေ့ရကြောင်း၊ ဒေသတွင်းအာဆီယံအဖွဲ့ အနေဖြင့် အနာဂတ်နည်းပညာ၊ စျေးကွက်လိုလားချက်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၊ အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိုအခြေခံသည့် ASEAN Empowering 4.0 အသွင်ပြောင်းလဲအကောင်အထည်ဖော်နေသောကြောင့်မြန်မာနိုင်ငံအနေဖြင့် အနာဂတ် ကာလတွင်အင်အားပြည့်သည့် “Myanmar 4.0” ကိုဖန်တီးနိုင်ရန် မိမိတို့လုပ်သားအင်အားစုကို အရည်အချင်း မြှင့်တင်ပေးခြင်းဖြင့် အရည်အချင်းအသစ်များ သင်ကြားပေးနိုင်ရန်၊ အားထည့်ဆောင်ရွက်နေသော အချိန်ကာလ ဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် reskills၊ up-skills ၊ new skills ၊ green skills များကို အလေးထားပြီး အဆိုပါ ကျွမ်းကျင်မှုများ၏ အဓိက ရေသောက်မြစ်ဖြစ်သော အလုပ်အကိုင်ဆိုင်ရာ Competencyများ၊ သင်ကြားရေးဆိုင်ရာ Curricu-lum များကိုခေတ်ကာလနဲ့အညီ version မြှင့်တင်ပြောင်းလဲပြင်ဆင်ရေးဆွဲဖို့လိုကြောင်းပြောကြား ခဲ့ပါသည်။
၅။ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ ကြီးမှူးကျင်းပသည့် မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် Myanmar Motor Corporation Public Co.,Ltd ဦးဆောင်သော မော်တော်ယာဉ်လုပ်ငန်းရှင်များ၊ Pyae Soan Win Naing Distribution Co.,Ltd (PSWN)၊ Zaya&Associate Group Co.,Ltd နှင့် ဆက်စပ်လုပ်ငန်း ရှင်များ၊ Luxembourg Development Cooperation Agency (LuxDev)၊ Swisscontact၊ ဂျာမန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့မှ ကမကထပြု ပူးပေါင်းဆောင်ရွက်ခဲ့ ကြပြီး မော်တော်ယာဉ်နှင့်လေအေးပေးစက် အလုပ်အကိုင်တို့၏ နောက်ဆုံးပေါ်ဆက်စပ်ပစ္စည်း များပြပွဲကိုလည်း ပူးတွဲကျင်းပလျက်ရှိသည်။
၆။ မြန်မာကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၂၀) တွင် Automobile Technology၊ Refrigeration and Air-Condition၊ Electrical Installation၊ Restaurant Service၊ Cooking အလုပ်အကိုင်များတွင် GTI၊ GTHs နှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ အသက် (၂၂) နှစ်အောက်လူငယ်များ ဝင်ရောက် ယှဉ်ပြိုင်ပြီး ရွေးချယ်ခံရသော အရည်အသွေးပြည့် လုပ်သားလူငယ်များကို စခန်းသွင်းလေ့ကျင့်ပြီး စင်ကာပူနိုင်ငံတွင် ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်လအတွင်း ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံ ကျွမ်းကျင်မှုပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သတင်းရရှိပါ သည်။