အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ဇူလိုင် ၁၃

ထိုင်းနိုင်ငံရှိ Tomy (Thailand) Co., Ltd လုပ်ငန်းခွင်သို့ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရအေဂျင်စီ Stars Pioneer Co., Ltd မှတစ်ဆင့် ၃၀-၃-၂၀၁၈ ရက်နေ့တွင် တရားဝင် သွားရောက်ခဲ့စဉ် မော်တော်ယာဉ် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦး အတွက် ထိုင်းနိုင်ငံ၊ ဥပဒေအရ ခံစားခွင့်ရှိသည့် နစ်နာကြေးများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊အလုပ်သမားသံအရာရှိရုံး၊ မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရရှိခဲ့၍ အာမခံကြေးပေးအပ်ပွဲအခမ်းအနားကို နေပြည်တော် ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ၁၃-၇-၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ Stars Pioneer Co., Ltd မှ တာဝန်ရှိသူများနှင့် သေဆုံးသူအလုပ်သမားများ၏မိသားစုဝင်များ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား၍ အသက်အာမခံကြေး တစ်ဦးလျှင် ဘတ် ၃ သိန်း ၊ Tomy (Thailand) Co., Ltd နှင့် ထိုင်းအေဂျင်စီ Atitaya 2017 Co., Ltd မှ ထောက်ပံ့ကြေးငွေအဖြစ် တစ်ဦးလျှင် ဘတ် ၁ သိန်း၊ စုစုပေါင်း ဘတ် ၄ သိန်းနှင့် ညီမျှသော မြန်မာငွေကျပ် ၁၆,၅၆၇,၂၁၅ (ကျပ်တစ်ရာခြောက်ဆယ့်ငါးသိန်းခြောက်သောင်းခုနှစ်ထောင်နှစ်ရာ တစ်ဆယ့်ငါးတိတိ) ဖြင့် သေဆုံးသူ မြန်မာအလုပ်သမား ၂၀ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၃၁,၃၄၄,၃၀၀ (ကျပ်သုံးထောင်သုံးရာ့ တစ်သိန်းသုံးသောင်းလေးထောင့်သုံးရာတိတိ) အား သေဆုံး သူများ၏ မိသားစုဝင်များထံပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရစ်သူ မိသားစုဝင်များကို နှစ်သိမ့်အားပေး စကားပြောကြားကာ ၁၂:၃၀ နာရီအချိန်တွင် အခမ်းအနားရုပ်သိမ်းခဲ့သည်။

အဆိုပါ မော်တော်ယာဉ်မီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အလုပ်သမား ၃ ဦးတို့အတွက် ကရုဏာကြေးအဖြစ် မြဝတီခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ်နှစ်ဆယ်သိန်း၊ Stars Pioneer Co., Ltd မှ ငွေကျပ်နှစ်ရာသိန်း၊ Migrant Workers Rights Network၊ မြဝတီမြို့၊ အနှိုင်းမဲ့နာရေးကူညီမှုအသင်းနှင့် မဟာ ကရုဏာစာကြည့်တိုက်တို့မှ ငွေကျပ်တစ်ဆယ့်သုံးသိန်းရှစ်သောင်းနှင့် မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်လေးဆယ့်သုံးသိန်းတိတိကို ၁-၄-၂၀၁၈ ရက်နေ့ တွင် မြဝတီမြို့၌လည်းကောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ငွေကျပ်ရှစ်ဆယ့်ရှစ်သိန်းတစ်သောင်းငါးထောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ငွေကျပ်ခြောက်ဆယ့်သုံးသိန်း၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင် မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ငွေကျပ်ရှစ်ဆယ့်နှစ်သိန်း ခြောက်သောင်းတစ်ထောင် အပါအဝင် စုစုပေါင်း ငွေကျပ်ငါးရာ့တစ်ဆယ်သိန်း ငါးသောင်းခြောက်ထောင်တိတိအား သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များထံသို့ ၉-၄-၂၀၁၈ ရက်နေ့တွင် နေပြည်တော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၌ လည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

IMG_3754

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားစဉ်

IMG_3788

မော်တော်ယာဉ် မီးလောင်မှုတွင် သေဆုံးခဲ့သည့် အလုပ်သမား ၂၀ ဦး၏ မိသားစုဝင်များအား အာမခံကြေးပေးအပ်စဉ်