ရန်ကုန် ဧပြီ ၅။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသော မိုးကောင်းရတနာ မိခင်နှင့် ကလေး ဆေးခန်း(ဘောက်ထော်)၏ ပြင်ပ လူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဆေးဝါး ကုသပေးနေမှုများ၊ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၊ လူမှုဖူလုံရေးအဖွဲ့ အာမခံ အမျိုးသမီး အလုပ်သမားများအတွက် မီးဖွားမှုနှင့်ဆိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက် ရှိသည့် အခြေအနေများအား လှည့်လည်စစ်ဆေး ကြည့်ရှုအားပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများအတွက် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ တိုင်းရင်း ဆေးခန်း (၁) ခန်း၊ ဌာနကြီးဆေးခန်း (၅၆) ခန်းတို့ဖြင့် ပိုမိုကောင်းမွန် သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားသည့်စနစ် Provider Purchase Split System (PPS) အရ ပုဂ္ဂလိကနှင့် ပူးပေါင်း၍ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့တွင် Fee for Service Payment ဖြင့် စာချုပ်ဆေးခန်း (၁၁) ခန်းနှင့် Capitation Payment ဖြင့် စာချုပ်ဆေးခန်း (၁၄) ခန်းတို့အား စာချုပ်ချုပ်ဆိုဖွင့်လှစ်၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ဖွင့်လှစ်ထားသည့် စာချုပ်ဆေးခန်းများ၏ တည်နေရာများအား လူမှုဖူလုံရေးအဖွဲ့၏ Website (www.ssb.gov.mm) တွင်လည်းကောင်း၊ PPS စနစ်အရ ဖွင့်လှစ်သည့် စာချုပ်ဆေးခန်းများ ၌ ဆေးကုသမှုခံယူနိုင်သည့် အာမခံအလုပ်သမားများ၏ အချက်အလက်များအား သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံရေး ရုံးခွဲများတွင် အသိပညာပေးကြေညာထားကြောင်း သိရှိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ဖွင့်လှစ်နေသော လေအေးပေးစက် တပ်ဆင်/ ပြုပြင်ခြင်းသင်တန်း ပို့ချနေမှုအခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများက သင်တန်းကျောင်းဖွင့်လှစ် နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအပေါ် ပြည်ထောင်စု ဝန်ကြီး က အလုပ်သမားဝန်ကြီး ဌာနအနေဖြင့် မြန်မာလုပ်သားထု၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု လေ့ကျင့် ရေးသင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်၍ စျေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို ကာလတိုသင်တန်းများအဖြစ် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ Focal အဖြစ် တာဝန်ယူဆောင်ရွက်သော မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority – NSSA) ကလည်း နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့် အညီ “လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေး၊ Skilled Labour များ အား လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ Certificate ထုတ်ပေးရေးတို့အား အလးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ ယခု ဖွင့်လှစ်ပို့ချသည့် သင်တန်းသည် ရန်ကုန်တိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ မှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုး သားအဆင့် လုပ်ငန်းစီမံချက် (ပထမ ၅ နှစ်စီမံ ချက်) အရ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာ အခွင့်အလမ်းများဖန်တီးပေးနိုင်ရန် စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ သင်ယူမှု အခွင့်အလမ်း များ ရရှိနေချိန်တွင် သင်တန်းသားများအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးနှင့်မိသားစုများ အကျိုးကျေးဇူး ရရှိ စေရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုနိုင်ရန် အသက်မွေးဝမ်းကျောင်း အတတ် ပညာများကို စနစ်တကျ ကြိုးစားသင်ယူကြရန်လို အပ်ကြောင်း တိုက်တွန်းအားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ Moe Moe Family Vocational Training Center တွင် အထည်ချုပ်သင်တန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန် ချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက် နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ကျွမ်းကျင်မှုသင်တန်းများကို အရည်အသွေးပြည့်ဝစွာဖြင့် စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် သင်တန်းကျောင်းအနေဖြင့် ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ကြောင်းသတင်းရရှိသည်။