အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                            ဇူလိုင် ၁၆

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမား များအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ  မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုဖူလုံရေး အဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ငလျင်ဘေးသင့် အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက် ကြသည်။

          ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမား များနှင့် မှီခိုသူများ၏ လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူမှုအကာကွယ် စောင့်ရှောက်ရေးကို လူတိုင်းခံစားခွင့်ရရှိနိုင်ရေး တစ်မျိုးသားလုံးအကျုံးဝင်သည့် လူမှုဖူလုံရေး စီမံကိန်းတစ်ရပ်ဖြစ်လာရေး မျှော်မှန်းချက်ထားရှိကာ ရည်ရွယ်ချက်များချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊

၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ် (၆) မျိုးအနက် အလုပ်သမားများ၏ လူမှုရေးလိုအပ်ချက်များနှင့် နိုင်ငံ့၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအပေါ် မူတည်၍ အာမခံစနစ် များကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှုအကျိုး ခံစားခွင့်အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် အာမခံစနစ်တို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊     

          မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အာမခံစနစ် ခံစားခွင့်တစ်ခုဖြစ်သည့် အာမခံထားသူ များ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တို့တွင် အချိန်ပြည့်ပညာသင်ကြား နေသောသားသမီးများအတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးနိုင်ရန် အာမခံထားသူ၏ အများဆုံးလုပ်ခ ဝင်ငွေကို (၃) သိန်းကျပ် တစ်ပြေးညီသတ်မှတ်၍ အဆိုပါ တစ်လလုပ်ခဝင်ငွေ    (၃) သိန်းကျပ်အပေါ် အခြေခံကာ မူလတန်းပညာသင် စရိတ်အတွက် လုပ်ခဝင်ငွေ၏ ၁၀ % ၊ အလယ်တန်းပညာသင်စရိတ်အတွက် လုပ်ခဝင်ငွေ၏ ၁၅ %၊ အထက်တန်း ပညာသင်စရိတ်အတွက် လုပ်ခဝင်ငွေ၏ ၂၀ % နှင့် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများ၏ ပညာသင်စရိတ်အတွက် လုပ်ခဝင်ငွေ၏ ၂၅ % တို့ကို စိစစ်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း၊

          ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ဘေးသင့်  ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခု တွင် အာမခံ အလုပ်သမားများပိုင် ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ အလုပ်လုပ်ကိုင်နေစဉ် ပြင်းထန်ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှုများ၊ သေဆုံးခဲ့မှုများ ဖြစ်ပေါ်ခဲ့ ခြင်းတို့ကြောင့်  အလုပ်သမားများနှင့် ကျန်ရစ်သူ မိသားစုဝင်များမှာ လူမှုဒုက္ခများကို ရင်ဆိုင်ခံစားခဲ့ ရကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယနေ့အခမ်းအနားတွင် ငလျင်ဘေးသင့်ခံခဲ့ရသော အာမခံ အလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုး ခံစားခွင့် ၄၀ % ကို မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန                (၇,၃၉၅) ဌာနရှိ အာမခံအလုပ်သမား (၁၂၅,၆၇၃) ဦးအနက် စိစစ်ပြီး အာမခံအလုပ်သမား (၁၁,၈၇၀) ဦးကို ငွေကျပ် ၉၆၈.၁၈၁ သန်းနှင့် အလုပ်လုပ်ကိုင်နေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သူ အာမခံအလုပ်သမား (၁၆) ဦးအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်  ၁၀၃.၄၇၀ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း၊

မိသားစုထောက်ပံ့မှုအာမခံစနစ်ပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုး ခံစားခွင့် ၄၀ % နှင့် ၂၀၂၅-၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွက် ပညာသင်စရိတ်များကို မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ Online Payment System နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့ Digital Payment System ဖြင့် KBZ Pay၊ AYA Pay ၊ Wave Pay၊ UAB Pay ၊ Mytel Pay တို့မှတဆင့် အာမခံအလုပ်သမားများ လက်ဝယ်အရောက်စနစ်တကျ လွယ်ကူ မြန်ဆန်စွာရောက်ရှိစေရေး လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီး  မှ  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အာမခံ အလုပ်သမား (၁၁,၈၇၀) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀% အတွက် ငွေကျပ်သန်း ၉၆၈.၁၈၁ ကို လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံး ခဲ့သူ (၁၆) ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ်သန်း ၁၀၃.၄၇၀ တို့ကို ကျန်ရစ်သူ မိသားစုများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးငလျင်ဘေးသင့် အာမခံ အလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစား ခွင့် ၄၀% နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ  Mobile Medical Unit (MMU) ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသဝန်ဆောင်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် မန္တလေးအလုပ်သမား ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ဆေးရုံတက်ရောက်နေသည့် အာမခံအလုပ်သမား များနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ဆေးရုံမှတာဝန်ရှိသူများအား ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရေး  လမ်းညွှန်မှာကြားခဲ့ကာ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။