နေပြည်တော် ဇူလိုင် ၇
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% အကျိုးခံစားခွင့် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင်ရမည်းသင်းမြို့နယ် သင်းရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ဌေးဝင်း ဦးဆောင် ၍ပြုလုပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ အကျုံးဝင်မှတ်ပုံတင်ထားသော ရမည်းသင်းမြို့နယ်အတွင်းရှိ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်နှင့်စပ်လျဉ်း၍ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင် ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့် တတ်နိုင်သည့် နည်းလမ်းများဖြင့် ထောက်ပံ့ကူညီပေးရန် ဆောင်ရွက်ခဲ့ကြောင်း၊ ယနေ့အခမ်းအနားတွင် မန္တလေးငလျင်ဘေးသင့်ခဲ့ကြသော မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ကို ပေးအပ်မည်ဖြစ်ကြောင်းနှင့် ရမည်းသင်းမြို့နယ်တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၅၀) ဌာန၊ အာမခံအလုပ်သမား (၁,၁၄၁) ဦးရှိပြီး ယနေ့တွင် အာမခံအလုပ်သမား (၈၀၃) ဦးအတွက် မိသားစုထောက်ပံ့မှု အကျိုး ခံစားခွင့် ၄၀% ငွေကျပ်သန်း ၆၈.၅၉၆ ကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း၊
အာမခံထားသူ အလုပ်သမားများ၏ အချိန်ပြည့်ပညာသင်ကြားနေသော သားသမီးများကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မူလတန်းကလေး တစ်ဦးကို ကျပ် ၃၀,၀၀၀/-၊ အလယ်တန်း ကလေးတစ်ဦးကို ကျပ်၄၅,၀၀၀/-၊ အထက်တန်းပညာသင်ကြားနေသူ တစ်ဦးအတွက် ကျပ် ၆၀,၀၀၀/-၊ တက္ကသိုလ်ပညာသင်တစ်ဦးအတွက် ကျပ် ၇၅,၀၀၀/- ကို ထောက်ပံ့ပေးရန် အမိန့် ကြော်ငြာစာထုတ်ပြန်ထားပါကြောင်း၊ ယခုအခါ ကျောင်းသား/ကျောင်းသူများစားရင်းအား စစ်ဆေးလျက်ရှိပြီး လုပ်ငန်းစဉ်များပြီးစီးပါက ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊
ထို့နောက် အမြဲတမ်းအတွင်းဝန်က ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ အာမခံအလုပ်သမား (၈၀၃) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀% ကျပ်သန်း ၆၈.၅၉၆ အား လွှဲပြောင်းပေးအပ်ခြင်း၊ မန္တလေးငလျင်ဒဏ် ကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သူ (၉) ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံး ကျပ်သိန်း ၁၂၇၆.၈၇၅ အား ၎င်းတို့၏ ကျန်ရစ်သူမိသားစုများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

