အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                       စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင် စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်း၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊  အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ် ပြဋ္ဌာန်းချက်ပါ အာမခံစနစ် ၆ မျိုးအနက် နိုင်ငံ၏ အခြေအနေ နှင့်ကိုက်ညီသော အာမခံစနစ်(၃)မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့အတွက် စုစုပေါင်း အကျိုးခံစားခွင့် (၁၅) မျိုးကို ရရှိခံစားရမည်ဖြစ်ပြီး မိသားစုထောက်ပံ့မှု အာမခံစနစ်ကို ထည့်ဝင်ကြေး သီးခြားကောက်ခံခြင်းမရှိဘဲ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ် ထည့်ဝင်ကြေးပေးသွင်းထားရှိပါက မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့်ဖြစ်သည့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့် ပညာသင်စရိတ်ခံစားခွင့်များကို ရရှိမည်ဖြစ် ကြောင်း၊

မန္တလေးငလျင်ဘေးသင့်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အလုပ်ဌာန (၇,၄၃၀) ဌာန၊ အာမခံအလုပ်သမား (၁၂၁,၁၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀% ထုတ်ပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့အခမ်းအနားတွင် အာမခံအလုပ်သမား (၄,၃၈၆) ဦးအတွက် ငွေကျပ်သန်း (၃၄၇.၄၆၃) ကို ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စုစုပေါင်း အာမခံအလုပ်သမား (၃၁,၆၈၁) ဦးအတွက် ငွေကျပ်သန်း (၂၆၂၅.၅၀၂) ကို Online Payment စနစ် ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျပေးအပ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊

ထို့အပြင် အကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီးများသည် နိုင်ငံပိုင်ကျောင်းများတွင် ဖြစ်စေ၊ နိုင်ငံကအသိအမှတ်ပြုထားသော ကျောင်းများတွင်ဖြစ်စေ အချိန်ပြည့် ပညာသင်ကြား နေသော သားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ပညာသင်စရိတ် လျှောက်ထားလာသည့် အလုပ်သမား (၃,၉၄၀) ဦးတို့၏ သားသမီး (၅,၃၉၆) ဦးတို့အတွက် ပညာသင်စရိတ် စုစုပေါင်း ကျပ်သန်း (၂၁၄.၇၀၇) ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် ကျန်ရှိသော အကျုံးဝင်လျှောက်ထားလာသည့် လျှောက်လွှာများကို စိစစ်လျက်ရှိပြီး ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လျှောက်ထားရန် ကျန်ရှိသူများ နစ်နာမှုမရှိစေရေးအတွက် အကျိုးခံစားခွင့်လျှောက်ထားရမည့်ကာလအား တိုးမြှင့်သတ်မှတ်ပေးထားကြောင်း နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့ကြောင်း၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးထံသို့ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀% ငွေကျပ်သန်း (၃၄၇.၄၆၃)နှင့် ပညာသင်စရိတ် စုစုပေါင်း ကျပ်သန်း (၂၁၄.၇၀၇)တို့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မန္တလေးငလျင် ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးခဲ့သူ အာမခံလုပ်သား (၁၀)ဦးအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်အား ပြည်ထောင်စုဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် လူမှုဖူလုံရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ ကျန်ရစ်သူမိသားစုများနှင့် တာဝန်ရှိသူ များထံပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(မန္တလေး)သို့ သွားရောက်၍ ဆေးရုံအစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ ဆေးရုံတက်ရောက် ဆေးကုသနေသော အာမခံအလုပ်သမားများအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်တန်းကျောင်းတာဝန်ခံ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချရန်နှင့် သင်တန်းသားများ၏ အရည်အသွေး အာမခံချက်ရှိစေရေး အလေးထားဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။