နေပြည်တော် ဇူလိုင် ၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမား များအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀% ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များ၊ အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ်များ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ် ပြဋ္ဌာန်းချက်ပါ အာမခံစနစ် ၆ မျိုးကို ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အာမခံစနစ်တစ်မျိုးချင်းထားရှိမှုအပေါ် မူတည်ပြီး အလုပ်ရှင်၊ အလုပ်သမားထည့်ဝင်ကြေးကို တိုးမြှင့်ပေးရသည့်အတွက် နိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသည့် အာမခံစနစ် (၃)မျိုးဖြစ်သည့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်တွင် မကျန်းမာမှုအကျိုးခံစားခွင့်၊ မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်များဖြစ်သည့် မီးဖွားမှု၊ မီးဖွားစရိတ်၊ ဖခင်ဘဝဖြစ်မှု၊ ဇနီးဖြစ်သူ မီးဖွားစရိတ်၊ ကိုယ်ဝန်ပျက်ကျမှု၊ တစ်နှစ်အောက် ကလေးဆေးကုသမှုနှင့် မွေးစားခွင့်တို့အပြင် အငြိမ်းစားယူပြီးနောက် ဆေးကုသမှု ဆက်လက်ခံယူခွင့်၊ နာရေးစရိတ်၊ ဆေးဖိုးပြန်လည် ပေးအမ်းခြင်းနှင့် ဆေးကုသမှုဆိုင်ရာ ခရီးစရိတ်စသည့် အကျိုးခံစားခွင့်(၁၂)မျိုးကို ခံစားနိုင်မည် ဖြစ်ကြောင်း၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ်တွင် ရောဂါပျောက်ကင်းသည် အထိ ဆေးကုသမှုခံယူခွင့်နှင့်အတူ ယာယီမသန်စွမ်းမှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်စသည့် အကျိုးခံစားခွင့်(၃)မျိုးကို ခံစားနိုင် မည်ဖြစ်ကြောင်း၊ မိသားစုထောက်ပံ့မှုအာမခံစနစ်တွင် အာမခံအလုပ်သမားများ၏ မိသားစု ဝင်များ၏ အချိန်ပြည့်ပညာသင်ကြားနေသော သား၊ သမီးများကို ပညာသင်စရိတ် ထောက်ပံ့ခြင်း နှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ % ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မန္တလေးငလျင် လှုပ်ခတ်မှုဖြစ်စဉ် မဖြစ်ပေါ်မီကပင် အာမခံအလုပ်သမားများ၏ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်တို့၌ အချိန်ပြည့်ပညာသင်ကြားနေသော သား၊ သမီးများအတွက် ပညာသင်စရိတ်များ ထောက်ပံ့ရန် လမ်းညွှန်ထားသဖြင့် ကျောင်းသူ၊ ကျောင်းသားများစာရင်းကို ကောက်ယူလျက်ရှိပြီး အာမခံအလုပ်သမားများ၏ (၂/၂၀၂၅)လ ထည့်ဝင်ကြေးအပေါ်မူတည်ပြီး မူလတန်းအား ထည့်ဝင်ကြေး၏ ၁၀ %၊ အလယ်တန်းအား ၁၅ %၊ အထက်တန်းအား ၂၀ %၊ တက္ကသိုလ် ကျောင်းသားများအား ၂၅ % အသီးသီး ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင် ဘေးဒဏ်ကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုတို့တွင် ခံစားခဲ့ကြရာ ပြည်သူအားလုံး လူမှုဒုက္ခ ခံစားနေရချိန်တွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုတွင်ရှိသည့် အာမခံအလုပ်သမားများကို သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ခွင့်ပြု ထုတ်ပေးရန် ထပ်မံလမ်းညွှန်မှုပြုခဲ့သဖြင့် ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန (၁,၀၉၇) ဌာန၊ အာမခံအလုပ်သမား (၂၇,၂၆၇) ဦးအနက်မှ ယနေ့တွင် အာမခံလုပ်သား (၁၁,၂၀၃) ဦးအတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ဖြစ်သည့် ငွေကျပ်သန်းပေါင်း ၁၀၀၁.၅၆၃ သန်းကို ဦးစွာထုတ်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော အာမခံလုပ်သားများ ကိုလည်း စာရင်းများစိစစ်ပြီးပါက ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၅)ခုသို့ မကြာမီရက်များအတွင်း ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ပါ ကြောင်း၊
သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုး ခံစားခွင့် ၄၀% နှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင် စရိတ်များ ထောက်ပံ့ပေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment စနစ်နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်များမှ တစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့ လွှဲပြောင်းပေးအပ်ပြီး Digital Payment စနစ်များဖြစ်သော KBZ Pay၊ AYA Pay၊ Wave Pay၊ UAB Pay၊ Mytel Pay စသည်တို့ဖြင့် အာမခံလုပ်သားများ လက်ဝယ်သို့ စနစ်တကျလွယ်ကူ မှန်ကန်မြန်ဆန်စွာ ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက နေပြည်တော်ကောင်စီ ဥက္ကဌ ဦးသန်းထွန်းဦး ထံသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အလုပ်ဌာနများမှ လျှောက် ထားလာသည့် အာမခံအလုပ်သမား ၁၁,၂၀၃ ဦးတို့အတွက် သဘာဝဘေးအန္တရာယ် ကျရောက်မှု ဆိုင်ရာ မိသားစုထောက်ပံမှု အကျိုးခံစားခွင့် ၄၀ % ကျပ်သန်း ၁၀၀၁.၅၆၃ ကို လွှဲပြောင်းပေး အပ်ခဲ့ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် အာမခံအလုပ်သမားတစ်ဦးတို့မှ ကျေးဇူးတင် စကားပြောကြား၍ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ သည် လူမှုဖူလုံရေးအဖွဲ့မှ Mobile Medical Unit (MMU) ဖြင့် နေပြည်တော်ကောင်စီဝင်းအတွင်း အာမခံအလုပ်သမားများအား ဆေးကုသဝန်ဆောင်မှုပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။