အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံသူ Miss Vena Phubut (ID- 1 63 980000 712 4, AA 3481605) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရွှေမြန်မာမိုတယ်တွင် တည်းခို၍ ထိုင်းနိုင်ငံသို့ သွား ရောက်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမား ၁၀၉ ဦးထံမှ ငွေကြေးများ တရားမဝင် ကောက်ခံ ခဲ့မှုအပေါ် Miss Vena Phubut နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူ ဦးသန်းအောင်နှင့် ဦးသူရအောင် တို့ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ၅-၂-၂၀၁၉ ရက်နေ့တွင် ရွှေပြည်သာမြို့မရဲစခန်း၌ ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ Miss Vena Phubut သည် မြန်မာအလုပ်သမား ၁၀၉ ဦးထံမှ တစ်ဦးလျှင် ငွေကျပ်  ၅၅၀,၀၀၀ (ကျပ်ငါးသိန်းငါးသောင်း) မှ ၆၀၀,၀၀၀ (ကျပ်ခြောက်သိန်း) ထိ ဦးသန်းအောင်နှင့် ဦးသူရအောင်တို့၏အကူအညီဖြင့် ကောက်ယူခဲ့ကြောင်း၊ ၃၀-၁-၂၀၁၉ ရက်နေ့တွင် အလုပ်သမား များအား ဒဂုံလှိုင်ဆေးခန်း၌ ဆေးစစ်၍ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ဆောင်ရွက်ရာတွင် ဆေးကျ အလုပ်သမား ၁၆ ဦးရှိ၍ ကျန်အလုပ်သမား များကိုပါ အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုပေးမှုမရှိ၍ အလုပ်သမား ၃၆ ဦးမှ တိုင်ကြားခဲ့ရာမှ ယခုကဲ့သို့ စိစစ် ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။

Miss Vena Phubut နှင့် ဦးသူရအောင်တို့အား ရွှေပြည်သာမြို့မရဲစခန်းမှ ဖမ်းဆီး၍ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး အာမခံ မပေးထားကြောင်းနှင့် ဦးသန်းအောင်အား ဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

ထိုင်းနိုင်ငံသူ Miss Vena Phubut သည် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၄ ခုနှင့် ပူးပေါင်း၍ အလုပ်သမားများကို ခေါ်ယူခဲ့ကြောင်း စိစစ်သိရှိရမှုအပေါ် ဆက်လက် စိစစ်လျက်ရှိကြောင်းနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမား စေလွှတ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် ခွင့်ပြုချက်မရှိဘဲ အလုပ်သမားများကို တရားမဝင် စုဆောင်း ခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သူများကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိရာ ၈-၂-၂၀၁၉ ရက်နေ့ထိ ၁၃၇ ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။