အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                   မေလ ၁၄

ပြည်ပအလုပ်အကိုင်ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၄:၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် ၅၁၊ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။

ဦးစွာလုပ်ငန်းကောင်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော် သည့် ပြည်ပအလုပ်အကိုင်များရရှိရေးနှင့် စနစ်တကျ ချိတ်ဆက်ပေးနိုင်ရေး ရည်ရွယ်ကျင်းပရ ခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းကာလပြည့်ပြီး  ပြည်ပအလုပ်အကိုင်လုပ်ကိုင်လိုသူများ၏ အချက် အလက်များရယူ၍ ၎င်းတို့ ဆန္ဒပြုသည့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များ၊ ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်၍ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ် ကြောင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

         စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများမှ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ် ကိုင်လိုကြောင်း အဆိုပြုလာသူများကို ၎င်းတို့အဆိုပြုလာသည့်နိုင်ငံများသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အမြန်သွားရောက်လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ဆောင်ရွက်ပေးခြင်းသည် ၎င်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အပံ့ ဖြစ်စေပါကြောင်း သိရသည်။