နေပြည်တော်                                                                                       စက်တင်ဘာ ၅

          ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ပြန်လည်လွှဲပို့သည့် မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁၃:၀၀ နာရီတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။

          အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ကိုယ်စားလှယ်များ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အထွေထွေအတွင်း ရေးမှူး နှင့် သက်ဆိုင်ရာနိုင်ငံ အလိုက် လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင်တို့မှ တာဝန်ရှိသူများ အပါအဝင် ၄၀ ဦးကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အဖွင့်အမှာစကားပြောကြားရာတွင်  ပြည်ပသို့ သွားရောက်လုပ်ကိုင်နေသူများထံမှ မိသားစု လွှဲပို့ငွေ၊ မိခင်နိုင်ငံသို့ ပြန်လွှဲငွေများသည် တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် သော်လည်းကောင်း၊ နိုင်ငံခြားငွေ ရှာဖွေရေးအတွက်သော်လည်းကောင်း အရေးကြီးအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက် မိသားစုလွှဲပို့ငွေနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများ ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊

          ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေနှင့်အညီ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့် ကျွမ်းကျင်လုပ်သားများအဖြစ်ဖြစ်စေ၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသူများကို သတ်မှတ်ချက်များနှင့်အညီစိစစ်၍ အလုပ်သမားများ စေလွှတ်ခွင့်ပြု ပေးလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ လွှဲပို့နေသည့် မိသားစုလွှဲပို့ငွေစာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်၍ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် အခြားနိုင်ငံဟူ၍ ခွဲခြားပေးပို့ခဲ့ရာ ၇/၂၀၂၂ လအထိ မိသားစုလွှဲပို့ငွေရရှိမှုမှာ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏စာရင်းအရ အမေရိကန်ဒေါ်လာ ၆၁၅၂.၀၄၄ သန်း ရှိကြောင်းနှင့် မိသားစု လွှဲပို့ငွေ လွှဲပို့ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

          ဆက်လက်၍ ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ်မတိုင်မီက ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်လျှောက်ထားခြင်း၊ စိစစ်ခြင်း စည်းကမ်းများနှင့် ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန် ခဲ့သည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်စည်းကမ်းများ၊ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် လိုက်နာရမည့်စည်းကမ်းများ၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများ လိုက်နာရမည့် စည်းကမ်းချက်များအရ အေဂျင်စီများ အနေဖြင့် မိမိစေလွှတ်သည့် အလုပ်သမားများအား ၎င်းတို့ရရှိသည့် လုပ်အားခများကို မိသားစု များထံသို့ တရားဝင်လွှဲပြောင်းပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရမည်ဟု ပါရှိသဖြင့် အလုပ် သမားများရရှိမည့်လစာ၏ ရာခိုင်နှုန်းမည်မျှဆိုသည်ကို သတ်မှတ်၍ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာစာချုပ်တွင်လည်းကောင်း၊ အေဂျင်စီနှင့် အလုပ်သမားအကြားချုပ်ဆို မည့်စာချုပ်တွင်လည်းကောင်း ထည့်သွင်းချုပ်ဆိုနိုင်ရေးနှင့် ပြည်ပနိုင်ငံများမှ အလုပ်သမားများ မိသားစုလွှဲပို့ငွေများကို တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်ပေးရမည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းသတ်မှတ်ချက်များသတ်မှတ်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများကို ပါဝင်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ ပါသည်။

          ထို့နောက် တက်ရာက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။