အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ပနိုင်ငံများသို့ မြန်မာအလုပ်သမားများ တရားဝင်သွားရောက်အလုပ်လုပ်ကိုင်ရေး ဆိုင်ရာ စေလွှတ်ရေးလုပ်ငန်း စဉ်များအား လမ်းညွှန်မှာကြားသည့် အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ် သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊    မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) မှ သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ တရားဝင် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များအား လိုင်စင်ရအေဂျင်စီများ အနေဖြင့် ဝန်ကြီးဌာနမှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံအလိုက် တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းကော်မတီ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုကြောင်း၊

            လိုင်စင်ရအေဂျင်စီများအနေဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ လုပ်သားများနှင့် ချုပ်ဆို ထားသည့် သဘောတူစာချုပ်ပါ မိသားစုလွှဲပို့ငွေကိစ္စရပ်များအား နိုင်ငံတော်မှ သတ်မှတ်ထားသည့် ငွေလွှဲစနစ်များ၊ နည်းလမ်းများအတိုင်း စနစ်တကျ လွှဲပြောင်း ပေးပို့နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊  မြန်မာအလုပ်သမားများကို ပြည်ပသို့ မထွက်ခွာမီ အလုပ်အကိုင်ဆိုင်ရာလမ်းညွှန်သင်တန်းပို့ချခြင်းနှင့် အလုပ်ရှင်/ အလုပ်သမား အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုချိန်တို့တွင် ပြည်တွင်းဘဏ်များ၌ ငွေစုစာရင်းဖွင့်လှစ်ခြင်းနှင့် ငွေလွှဲပြောင်းပေးပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ခလစာများအား တရားဝင်လွှဲပြောင်းမှု ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးစေလိုကြောင်း၊

မိမိတို့စေလွှတ်သည့် အလုပ်သမားများ သက်ဆိုင်ရာနိုင်ငံရှိ လုပ်ငန်းခွင်များတွင်  အလုပ်ရှင်၊ အလုပ်သမား မပြေလည်မှု၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရရှိမှု/ သေဆုံးမှုဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အမြန်ဆုံး သွားရောက်ဖြေရှင်းဆောင်ရွက်ပေးရန်၊ အလုပ်သမားရေးရာကိစ္စရပ်များ၊ ပြဿနာများ၊ ထူးခြားဖြစ်စဉ်များ တစ်စုံတစ်ရာပေါ်ပေါက်ပါက သက်ဆိုင်ရာသို့ အချိန်နှင့် တစ်ပြေးညီ သတင်းပို့၍ အလုပ်သမားသံအရာရှိများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် မိမိတို့စေလွှတ်သည့် အလုပ်သမားများ စတင်ထွက်ခွာချိန်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည့်အချိန်အထိ အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ အလုပ်သမားဥပဒေများပါ အခွင့်အရေးများ အပြည့်အဝရရှိ စေရေးအတွက် သက်ဆိုင်ရာနိုင်ငံရှိ အလုပ်ရှင်များ၊ အေဂျင်စီ များနှင့် ညှိနှိုင်းဆောင်ရွက် ပေးရန်နှင့် ပြည်ပသို့ အလုပ်သမားများ တရားမဝင်ပို့ဆောင်ရေးကိစ္စရပ်များတွင် ပါဝင်ပတ် သက်မှု မရှိစေရေး အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) မှ သက်ဆိုင်ရာ နိုင်ငံအလိုက် လုပ်ငန်းကော်မတီ များမှ တာဝန်ရှိသူများနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ ကိုယ်စားလှယ်များက လုပ်ငန်း လိုအပ်ချက်များ၊ ကြုံတွေ့နေရသော ကိစ္စရပ်များအား ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။