နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများနှင့်စပ်လျဉ်း၍ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ပတွင် ရောက်ရှိအလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများအား သက်ဆိုင်ရာနိုင်ငံများမှ ထုတ်ပြန်ထားသည့် ဥပဒေများနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများရရှိစေရေးကိစ္စရပ်များ၊ ပြည်ပနိုင်ငံများမှ မိသားစုလွှဲပို့ငွေများ စနစ်တကျလွှဲပြောင်းပေးပို့ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများအား တရားဝင် အလုပ်သမားများအဖြစ် အသိအမှတ်ပြုဆောင်ရွက်ပေးနိုင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။