အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                ဩဂုတ် ၃

          ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ ၁/၂၀၂၆ ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်တွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးသို့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အလုပ်သမား သံမှူး ဗန်ကောက်မြို့၊ အထူးဖိတ်ကြားထားသူများ နှင့် ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ခြင်းများကို ပိုမိုမြန်ဆန်စေရေးအတွက် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျော့ဆောင်ရွက်ပေးခြင်း၊ ပိုမိုကောင်းမွန်သည့် ပြည်ပ လုပ်သားဈေးကွက်ရရှိစေခြင်းနှင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကာကွယ်စောင့်ရှောက်မှု ပိုမိုရရှိစေခြင်းများကို အလေးထားဆောင်ရွက်လျက် ရှိသလို ပြည်တွင်း၌လည်း လုပ်သားအင်အား ဆုံးရှုံးမှုမရှိစေရေးကို ကြီးကြပ်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး သက်တမ်း ၄ နှစ် ပြည့်မြောက်မည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအတွက် မူလလုပ်ငန်းခွင်တွင် MOU စနစ်ဖြင့် ပြန်လည်အလုပ် လုပ်ကိုင်နိုင်ရေး အတွက် MOU U-turn စခန်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊

တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို ပြည်တွင်း/ ပြည်ပအလုပ် အကိုင်ရရှိရေးအတွက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဆန္ဒပြုလာသူများ အလုပ် အကိုင်ရရှိစေရေး မြန်မာနိုင်ငံပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) နှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

လာအိုနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး မြန်မာ-လာအို နှစ်နိုင်ငံအကြား အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း၊

၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအား အလုပ်သမားစေလွှတ်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ဂုဏ်သိက္ခာရှိသော အေဂျင်စီများဖြစ် စေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

ပြည်ပရောက် မြန်မာနိုင်ငံသားများမှ မြန်မာနိုင်ငံသို့ မိသားစုလွှဲပို့ငွေ ပိုမိုလွှဲပို့နိုင်ရေး အတွက် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး ပိုမိုတိုးတက်ရရှိစေရေးအတွက် အစီအမံများရေးဆွဲ ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ပေးစေလိုပါ ကြောင်း ပြောကြားခဲ့သည်။

          ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဌ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် က မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကော်မတီက ချမှတ်ပေးထားသော လုပ်ငန်းစဉ်များကို အောင်မြင်အောင် သက်ဆိုင်ရာဝန်ကြီး ဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည့် အကြံပြုချက်များရှိခဲ့ပါက အသိပေးတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။           ထို့နောက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယ ဝန်ကြီး ဦးမောင်မောင်သန်း က ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်သည့် ရည်ရွယ်ချက်၊ နိုင်ငံများနှင့် စည်းကြပ်သည့်ဥပဒေနှင့်အေဂျင်စီများ၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်  လျှောက်ထားလာမှုအပေါ် စိစစ်ထုတ်ပေးနေမှုအခြေအနေများ၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခု (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးမည့် အမှာစာ အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကော်မတီဝင်များမှ သက်ဆိုင်ရာ လုပ်ငန်းစဉ် များအလိုက် အကြံပြုဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး အစည်းအဝေးရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။