နေပြည်တော်၊ ဇန်နဝါရီ လ ၁၄ ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ၁၄-၁-၂၀၂၁ ရက်နေ့ (၁၀:၀၀) နာရီအချိန် တွင် နေပြည်တော်၊ ရုံးအမှတ် (၅၁)၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ Video Conferencing ဖြင့် ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ILO မှ Liaison Officer Mr. Donglin Li တို့တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူသားအများစုသည် သင့်တော် ကောင်းမွန်သည့် လူမှုကာကွယ်စောင့်ရှောက်မှုများ မရရှိသဖြင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုး တိုးတက် မှု တို့တွင် သိသာထင်ရှားသည့် အတားအဆီးများဖြစ်နေပြီး နိုင်ငံအသီးသီး အနေဖြင့် လူမှုကာကွယ် စောင့်ရှောက်မှု အခွင့်အရေးများကို အားလုံးခံစားရရှိနိုင်ရေးအတွက် လက်ရှိ ဆောင်ရွက်လျက် ရှိသောလူမှုကာကွယ်စောင့်ရှောက်မှုစနစ်ကိုအားဖြည့်နိုင်ရန် ရေရှည်မျှော်မှန်းချက်များချမှတ်ဆောင် ရွက်လျက်ရှိသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် “အလုပ်သမားများ၏ ဘဝစိုပြေ သာယာရေးအတွက် ရေတိုကာလမှာ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးရန်ပုံငွေကို အလုပ်သမား များအတွက် ထိထိရောက်ရောက် စီမံပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ပါမယ်” လို့ ထည့်သွင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေ ဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေဖို့ မဟာဗျူဟာရည်မှန်းချက် တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်ကစုပေါင်းထည့်ဝင်ငွေများနှင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစု ဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ထိရောက်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူပြုလျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသော ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှုဝန်ဆောင်မှုကို ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးရန်နှင့် အကျိုးခံစားခွင့် များ ခွင့်ပြုထုတ်ပေးရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရန်အတွက် ပြုပြင်ပြောင်းလဲမှု (၄) ရပ်ဖြစ်တဲ့ IT Reform၊ Medical Reform၊ Administrative Reform နဲ့ Legal Reform တို့ ကို ILO ၏ နည်းပညာ အကူအညီရယူပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် stakeholders များနဲ့ ညှိနှိုင်း ဆွေးနွေး၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၃၄) သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ ရုံးခွဲပေါင်း (၇၈) ရုံး၊ မြို့နယ်ဆေးခန်း ပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၈) ခန်း၊ PPS စနစ်ဖြင့် (fee for services payment) ဆေးခန်း (၈) ခန်း၊ PPS စနစ်ဖြင့် (Capitation payment) ဆေးခန်း (၁၀) ခန်းနှင့် တိုင်းရင်းဆေးကုခန်း (၁) ခန်းများအပြင် ရွေ့လျားဆေးကုသယာဉ် (၂) စီး များနှင့် ဆောင် ရွက်လျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေပါအာမခံစနစ်များ တိုးချဲ့ အကောင်အထည်ဖော်ခြင်း၊ အကျုံးဝင်အလုပ်ဌာနများ၊ မြို့နယ်များအပါအဝင် အာမခံအလုပ်သမား များ တိုးချဲ့အကျုံးဝင်မှတ်ပုံတင်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါကြောင်း၊ ယင်းသို့လူမှုဖူလုံရေးစီမံကိန်းကို တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှုဖူလုံရေးအဖွဲ့၏ အဓိကလုပ်ငန်းစဉ်များ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် (၄) ရပ်ကို ILO ၏ နည်းပညာအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကအရေးပါသည့် IT Reform အရ SSB Information System- SSBIS စနစ်ကို ILO Korea Project မှ နည်းပညာအကူအညီများ ရယူ၍ (၃) နှစ် စီမံကိန်းအနေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များအား လူမှုဖူလုံရေးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ သိရှိနိုင် စေရန်၊ ထည့်ဝင်ကြေးများနှင့် အကျိုးခံစားခွင့်များအား Online မှ လွယ်ကူလျင်မြန်စွာ ပေးသွင်း နိုင်ရန်၊ အသိပညာပေးလုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်နှင့် Ease of Doing Business တွင်ပါရှိသည့် Paying Tax Indicator အဆင့်နှင့် ရမှတ် တိုးတက်လာ စေရန်တို့အတွက် SSB Information System ၏ e-services လုပ်ငန်းစဉ်များဖြစ်သည့် SSB Mobile Application၊ SSB Website၊ e-Contribution စနစ်၊ e-Benefit စနစ်နှင့် e-Mail Server စနစ်စသည်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
COVID-19 ကာလအတွင်း၌ တတ်နိုင်သမျှ ရောဂါကူးစက်မှုမှ အကာအကွယ်ဖြစ်စေရန်အတွက် လူမှုဖူလုံရေးအဖွဲ့မှ e-Payment စနစ်အရ Wave Money ဖြင့် အာမခံအလုပ်သမားများ၏ ဆေးဖိုး ပြန်အမ်းငွေထုတ်ပေး ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ စတင်၍ Pilot project ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ဆက်လက်ပြီး ကျန်ရှိသည့်အကျိုးခံစားခွင့်များကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း။
အလုပ်ရှင်၊ အလုပ်သမားများ၏ ထည့်ဝင်ကြေးကို e-payment စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှစ၍ ဇန်နဝါရီလထည့်ဝင်ကြေးကို ထည့်ဝင် ကြေးပေးသွင်းနေသည့် ပုဂ္ဂလိကဘဏ်များနှင့် စမ်းသပ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း အသိပေး ပြောကြားလိုပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့ရဲ့ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် SSB Information System လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထက်ဌာနများက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးစည်းမျဉ်းများနဲ့နှင့်အညီ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့၏ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ နည်းပညာအကူအညီပေးတဲ့ ILO အဖွဲ့နှင့် ILO-Korea Project မှ တာဝန်ရှိသူများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များအား အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် သင့်တော်ကောင်းမွန်သည့် SSBIS စနစ်ပေါ်ပေါက်လာရေးအတွက် ယနေ့အခမ်းအနား တက်ရောက်လာသူများမှ လိုအပ်သည့်အကြံဉာဏ်များ၊ အကူအညီများပေးကြရန် တိုက်တွန်း ပြောကြားသွားပါသည်။
ဆက်လက်၍ ILO ၏ Liaison Officer Mr. Donglin Li က အမှာစကားပြောကြားခဲ့ ပါသည်။ ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က လူမှုဖူလုံရေးအဖွဲ့၏ သတင်း အချက်အလက်စနစ်အား နှစ်အလိုက်အကောင်အထည်ဖော်မှုအား ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ILO ၏ Senior Consultant Mr. Alain Perras က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့် SSB(IS) Phase 2 TOR ရေးဆွဲထားမှုအားလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့၊ သတင်းအချက်အလက်နှင့် နည်းပညာဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာအိအိစိုးထွန်းမှ SSB Information System နှင့် e-Services လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေ များနှင့်ဆောင်ရွက်ပြီးစီးမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပြီး၊ အစည်းအဝေး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို (၁၂:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် လူမှုဖူလုံရေးအဖွဲ့နှင့် ILO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်နှင့် e-Services လုပ်ငန်းများရှင်းလင်းတင်ပြခြင်းအခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ILO မှ တာဝန်ရှိသူများနှင့် နည်းပညာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။