အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် ၊ အောက်တိုဘာ ၂၂  ရက်

Covid-19 ကပ်ရောဂါကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေ အနေများ လူမှုဖူလုံရေး အကျုံးဝင် စက်ရုံ၊အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်း များအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်ညှိနှိုင်းအစည်းအဝေး ကို Video Conference စနစ်ဖြင့် ၁၄:၀၀ အချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူး ချုပ်များ နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌  အလုပ်သမားကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြကြရာတွင် လက်ရှိဖွင့် လှစ်ဆောင်ရွက်လျက် ရှိသည့် စက်ရုံ၊အလုပ်ရုံများအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများ၊ စက်ရုံ၊အလုပ်ရုံများ ခေတ္တရပ်နားချိန်တွင်နေရပ်ဒေသများသို့ ပြန်လည်သွားရောက် ကြသည့် အလုပ်သမားများအနေဖြင့် ယခုအခါ ရန်ကုန်တိုင်းဒေသကြီးသို့ ပြန်လည်ဝင်ရောက် လာရန် အခက်ခဲဖြစ်ပေါ်နေမှုအခြေအနေများ၊ လက်ရှိ စက်ရုံ၊အလုပ်ရုံများတွင် အချိန်ပိုအလွန် အကျွံ့ ခေါ်ယူနေမှုအခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊အလုပ်ရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးစစ်ဆေး၍ ဖွင့်လှစ် သွားနိုင်ရေးကိစ္စရပ်များ၊ လူမှုဖူလုံရေးအာမခံအကျုံးမဝင်သည့် လုပ်ငန်းများရှိ အလုပ်သမားအား ထောက်ပံ့ငွေပေးအပ်နိုင်ရေးအတွက် စာရင်းကောက်ယူမှုအခြေအနေများ၊ စက်ရုံ၊အလုပ်ရုံများတွင် COVID-19 Positive လူနာတွေ့ရှိပြီး ဆက်သွယ်ဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးသင်တန်း၊ အလုပ်သမားများအတွက်ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးကိစ္စရပ်များ နှင့်ပတ်သက်ပြီးဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းတင်ပြခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ မေးမြန်းတင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြော ကြားရာတွင်စက်ရုံ၊အလုပ်ရုံများအတွင်း COVID-19 သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာနယ်မြေ အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနများသို့ အချိန်မီသတင်းပေးပို့၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက် လက်ဆောင်ရွက်သွားကြရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြင်ပမှ ပြန်လည် ဝင်ရောက်လာမည့် အလုပ်သမားများနှင့် ပတ်သက်၍ သင့်လျော်သည့် အချိန်တွင် Coronavirus 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ သို့ဆက်လက်တင်ပြဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့်မလိုလားအပ်သည့် ပိတ်ဆို့ကန့်သက်မှုများမရှိအောင်အဖက်ဖက်မှ စဉ်းစားဆုံးဖြတ်၍ဆောင်ရွက်နေပါကြောင်း၊ ရောဂါ ကူးစက်ပြန့်ပွားမှုများအရှိစေရေးအတွက် နိုင်ငံတကာသတ်မှတ်စံနှုန်းများနှင့်အညီ ကြိုးပမ်းဆောင် ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူမတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများအ‌ပေါ် အလုပ်သမားများ ဘက်မှလည်း နားလည်မှုရှိစွာဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ပြန့်ပွားနေမှု ဖြစ်ပွားနေ သည့် ယခုကာလအတွင်း မလိုလားအပ်သည့် ဆန္ဒပြမှုများမဖြစ်ပေါ်စေရေး ပညာပေးဆောင်ရွက်မှု များပြုလုပ်ပေး စေလိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများအား ကျန်းမာရေးဦးစီးဌာန၏ သတ်မှတ်ချက်များနှင့်အညီစစ်ဆေးပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာသို့တင်ပြညှိနှိုင်း စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်မှ COVID-19 ကာလအတွင်း လူမှုဖူလုံ ရေးထောက်ပံ့ငွေများ ဆက်လက်ထောက်ပံ့ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ လူမှုဖူလုံရေး ထောက်ပံ့ငွေများလျှောက်ထားရာတွင် Online Webportalနှင့် မြို့နယ်ရုံးခွဲမှ တဆင့် လျှောက်ထား ခြင်း၊ စုစုပေါင်း၃,၄၄၀ဌာနလက်ခံရရှိခဲ့ပြီး ၂၁-၁၀-၂၀၂၀ နေ့အထိ လျှောက်ထားမှုအချက် အလက် ပြည်စုံသည့်ဌာန (၁,၇၆၅) ဌာနမှ အာမခံအလုပ်သမား၂၄၄,၆၇၀ ဦးအတွက် ခွင့်ပြုငွေကျပ်သန်း (၁၆၄၁၇.၇၄၇) အားခွင့်ပြုပေးခဲ့ပြီး ထုတ်ပေးရာတွင် လွယ်ကူမြန်ဆန်စေရန် Online Banking စနစ်ဖြင့် ဆောင်ရွက်လိုသောအလုပ်ဌာနမျာကို AYA ၊ CB ၊ KBZ ဘဏ်များသို့ ချိတ်ဆက်ထုတ်ယူ နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်အလုပ်ဌာနများကိုလည်းဆက်လက် ထုတ်ပေးသွား မည်ဖြစ်ပြီး Stay at Home အဖြစ်သတ်မှတ်ထားသောကျန်ရှိသည့် မွန်ပြည်နယ် ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးများရှိမြို့နယ် (၁၁) မြို့နယ်ရှိ အလုပ် ဌာနများမှ အလုပ်သမား (၁၇၇) ဦးအတွက် ငွေကျပ် (၁၂,၀၁၉,၉၀၆.၈) ကိုခွင့်ပြုထုတ် ပေးခဲ့ပြီး ဆက်လက်ထုတ်ပေးလျက်ရှိပါကြောင်း။

ဆေးကုသမှုဆောင်ရွက်မှုများအနေဖြင့် COVID-19 ကာလအတွင်းအလုပ်သမားဆေးရုံကြီး (ရန်ကုန်) / (ထန်းတပင်) ပြင်ပလူနာဌာသို့ ပုံမှန်ပြသနေရသော (OPD) လူနာများ၊ နာတာရှည် အာမခံအလုပ်သမားများရောဂါကူးစက်မှု မရှိစေရန် အတွက် Tele Consultation ဖွဲ့စည်းကာ ကြည့်ရှု့ကုသပေးရန် Online Viber Group (၄) ခုဖွဲ့၍သက်ဆိုင်ရာနယ်မြေ တာဝန်ခံဆရာဝန်များ၊ ဆေးကုသမှုပါရဂူများနှင့် ၁၂-၁၀-၂၀၂၀ ရက်နေ့မှစ၍ ချိတ်ဆက်ပြသနိုင်ရန် စမ်းသပ် ဆောင်ရွက် လျက်ရှိပါသည်။ ဆေးထုတ်ပေးရာတွင် စာချုပ်ဆေးကုမ္ပဏီမှ Delivery ဖြင့် အရောက်ပေးပို့ခြင်း၊ ဝေးလံသောဒေသများရှိ အာမခံအလုပ်သမားများအတွက် သတ်မှတ်ဆေးထုတ်နေရာတွင် လာရောက် ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး COVID-19 ကာလအတွင်း Quarantine ဝင်ရသည့် အာမခံအလုပ်သမားများအနက် ဆေးသက်သေခံလက်မှတ်ထုတ်ပြီးသူ (၂၃၆၁) ဦးရှိပြီး မကျန်းမာ မှုငွေကြေးအကျိုးခံစားခွင့် ၆၀ % ထုတ်ပြီးသူ အာမခံအလုပ်သမား(၄၉၉) ဦးအတွက် ငွေကျပ် (၄၅.၃၉၅) သန်း ကိုခွင့်ပြုထုတ်ပေးပြီး မကျန်းမာမှုဆေးခွင့်ထုတ်ပေးထားသော ကိုယ်ဝန်ဆောင် မိခင် (၃,၃၉၅) ဦးအတွက် မကျန်းမာမှုငွေကြေးအကျိုးခံစားခွင့် ၆၀ % အဖြစ် (၅၀၁.၀၈၅) သန်းကို ခွင့်ပြုထုတ်ပေးပြီးဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူချုပ်မှ အချိန်ပိုခေါ်ယူသည့်ကိစ္စနှင့်ပတ်သက်၍ တစ်ပတ်လျှင်နာရီ၂၀ အချိန်ပိုအလုပ်ဆင်းရန်သက်ဆိုင်ရာ မြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ရုံးများ၏ ခွင့်ပြုချက်ဖြင့်ဆောင်ရွက် ခွင့်ရှိပါကြောင်း သတ်မှတ်ချက် နာရီထက် ပိုမိုလုပ်ဆောင်မှုများရှိသည်ကို သတင်းပေးပို့ကြရန်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ ဥပဒေနှင့်အညီ စစ်ဆေးအရေးယူဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း။

ဒုတိယဝန်ကြီးမှ လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ တွင် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမား/အလုပ်ရှင်များ ဆန္ဒမဲပေးကြရာတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သောကာကွယ်ရေးပစ္စည်း များဖြစ်သည့် လက်သန့် ဆေးရည်များ နှင့် Mask များ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊အလုပ်ရုံများရှိ အလုပ်သမား/ အလုပ်ရှင်များနှင့်အလုပ်သမားအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားနိုင်ရေးအခြေအနေ များနှင့်ပတ်သက်၍ လည်းကောင်းပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးမှ ယခုကဲ့သို့ အလုပ်သမား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အပတ်စဉ်တွေ့ဆုံခြင်းဖြင့်  အလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲ များအားဝိုင်းဝန်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကာကွယ် ဆေးကုသဆေးများမပေါ်ပေါက်မီ အလုပ်သမားများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အိပ်ဆောင်နှင့် အခြားလူစုလူဝေးနေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများမှ ထုတ်ပြန်ချက်များ ဖြစ်သည့် မကြာခဏလက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ လူစု လူဝေးနေရာအားရှောင်ရှားခြင်းဖြင့် ယခုကပ်ရောဂါကြီးမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း အလုပ် သမားများအနေဖြင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံလာမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း ယခုအချိန်တွင် စိတ်ရှည်မှု၊ သည်းခံမှု၊ နားလည်မှုရှိမှု၊ ပူးပေါင်းဆောင်ရွက်မှု တို့ကို ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ညနေ ၁၆:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။